ဖောင်းတောရွာတွင် သားအဖနှစ်ဦး ဖမ်းဆီးခံရ

0
357

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ဧပြီ၁၈ ရက် ညနေပိုင်းက သားအဖနှစ်ဦးကို နေအိမ်၌ စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့က လာရောက်ဖမ်းဆီးသွားကြောင်း ရွာသားများထံက သိရသည်။

အုန်းသီး ရောင်းဝယ်ရေး လုပ်ကိုင်သည့် ဦးဝင်းဘိုနှင့် ၎င်း၏သားဖြစ်သူ ကိုရဲသွေးနောင်တို့ကို လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

“မိသားစုကတော့ တွေ့ခွင့်ရဖို့လိုက်စုံစမ်းနေတယ်။ ဘယ်နေရာမှာရှိနေလဲဆိုတာ အတိအကျပြောလို့မရသေးဘူး” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။

အဆိုပါ သားအဖနှစ်ဦး ဖမ်းဆီးခံရသည့်အပြင် နေအိမ်ရှိ လက်ကိုင်ဖုန်းအားလုံးကိုလည်း သိမ်းဆည်းသွားကြောင်း ၎င်းက ဆိုသည်။

ဦးဝင်းဘိုတို့ သားအဖကို စစ်ကောင်စီက မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဒေသခံရွာသားတို့က ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ဖောင်းတောရွာ အုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် ဖောင်းတောရွာသား သုံးဦးကို စစ်ကောင်စီ မောရဝတီရေတပ်က ဖမ်းဆီးခဲ့ပြီး အုပ်ချုပ်ရေးမှူးဟောင်းကိုသာပြန်လွှတ်ပေးကာ ကျန်နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။