ရွှေ့ပြောင်းလုပ်သား ထားဝယ်ဇနီးမောင်နှံ ထိုင်းထီ ဘတ် ၆ သန်းပေါက်

0
698
ပုံစာ - ဆုငွေထုတ်ယူနေစဉ် (MHAC)

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် လုပ်ကိုင်နေသော ထားဝယ်ဇနီးမောင်နှံသည် ဧပြီလ ၁၆ ရက်နေ့က ဖွင့်လှစ်သော ထိုင်းထီ၏ အမြင့်ဆုံးဆု ဘတ် ၆ သန်းကို ကံထူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထီပေါက်သူမှာ အသက် ၂၀ အရွယ် ထားဝယ်ဒေသခံ လူငယ်ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ ရေခဲစက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။

၂ နှစ်သားလေးက ထီထိုးရန် ပြောသဖြင့် ပထမဆုံးအကြိမ် ထီတစ်စောင် ကံစမ်းလိုက်ရာမှ အမြင့်ဆုံးဆုဖြစ်သည့် ဘတ် ၆ သန်း ကံထူးခဲ့ခြင်းဖြစ်ကြောင်း MHAC အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ဆိုသည်။

“ကလေးလေးက သူကိုယ်တိုင် ထီလက်မှတ်ကို ရွေးယူလိုက်တာ။ ကလေးက အကျိုးပေးတာပေါ့” ဟု ကိုရဲမင်းက ဆိုသည်။

ထီပေါက်သော ဇနီးမောင်နှံ ဆုငွေထုတ်ယူပေးနိုင်ရန် အလုပ်သမားကူညီရေးအဖွဲ့ဖြစ်သော MHAC မဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် ဧပြီလ ၁၇ ရက်နေ့က ဆုငွေကို ထုတ်ယူပေးခဲ့ကြောင်း MHAC အဖွဲ့က တာဝန်ရှိသူထံမှ သိရသည်။

ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့က ထိုင်းရောက် မြန်မာအလုပ်သမားများ ဘတ် ၆ သန်းပေါက်မှုကို ကူညီပြီး ဆုငွေထုတ်ပေးမှုမှာ အကြိမ် ၅၀ အထိ ရှိခဲ့ပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းထီ ဘတ် ၆ သန်းပေါက်ပါက ထီလက်မှတ်စာရွက်တွင် မှင်ဖြင့် ခြစ်ခြင်းများ မပြုလုပ်ရန်နှင့် လုံခြုံရေးအရ အလုပ်ရှင်အပါအဝင် နီးစပ်ရာပတ်ဝန်းကျင်ကို ကနဦး မပြသရန်၊ အွန်လိုင်းပေါ်တွင် မတင်ရန် MHAC က သတိပေးသည်။

ယခင်က ထီပေါက်ဖူးသူများသည် ဆုငွေအပြည့်အဝမရခြင်း၊ အလုပ်ရှင်က ခေါင်းပုံဖြတ်သိမ်းဆည်းထားခြင်းမျိုး ရှိခဲ့ဖူးသဖြင့် ထီပေါက်ပါက နီးစပ်ရာ ယုံကြည်စိတ်ချရသော မြန်မာအလုပ်သမားအဖွဲ့အစည်းများကို ဆက်သွယ် အကူအညီတောင်းသင့်ကြောင်း အဖွဲ့က ထောက်ပြထားသည်