KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို လွတ်ငြိမ်းခွင့်ပေးသည့်ရက်တွင် စစ်ကောင်စီပြန်ဖမ်း

0
288
ပုံစာ - ဧပြီလ ၁၇ ရက်တွင် မြစ်ကြီးနားအကျဉ်းထောင်က လွတ်မြောက်လာသည့် ဒေါက်တာခလမ်ဆမ်ဆွန်။ Photo - KBC

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းလည်းဖြစ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို လွတ်ငြိမ်းခွင့်ဖြင့် ဧပြီလ ၁၇ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီး ယင်းနေ့ညတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွား ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

‌ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ဧပြီလ ၁၇ ရက်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။

ယင်းနောက် ညပိုင်းတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ ၂နာရီအထိ အိမ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသေးကြောင်း အဆိုပါကွန်ရက်က ထုတ်ပြန်ထားသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားမြို့ရှိ နေအိမ်၌ ဧပြီလ ၁၇ ရက် ည ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နှင့်ချီ လာရောက်ကာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းနှင့် ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်က ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မည်သည့်အကြောင်းအရင်းဖြင့် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးလေဆိပ်၌ စစ်ကောင်စီက ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့သည်။

ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်အကြာတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးပြီး ယင်းနေ့ညတွင်ပင် ပြန်လည်ဖမ်းဆီးသွားခြင်း ဖြစ်သည်။