စစ်ကောင်စီလွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်သာပါဝင်

0
259
ပုံစာ - ဧပြီလ ၁၇ ရက်က လွတ်မြောက်လာမည့်သူများကို အင်းစိန်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသည့် မိသားစုဝင်များ။ Photo - Getty Images

မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီက အကျဉ်းသား သုံးထောင်ကျော်ကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားတစ်ရာကျော် ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ဧပြီလ ၁၈ရက်တွင် ထုတ်ပြန်သည်။

ကနဦးကောက်ယူထားသည့် အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၀၁ဦးသာ လွတ်မြောက်ခဲ့ကြောင်း ဖော်ပြသည်။

ရမည်းသင်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၉ဦးဖြင့် အများဆုံး လွတ်မြောက်လာပြီး အင်းစိန်ထောင်က ၁၈ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း PPNM ထံမှ သိရသည်။ တနင်္သာရီတိုင်းထဲက ထားဝယ်နှင့် မြိတ်တို့က နိုင်ငံရေးအကျဉ်းသား တစ်ဦးစီလွတ်မြောက်ကြောင်းလည်း ဆိုသည်။

အကျဉ်းထောင် ၁၈ ခုက အကျဉ်းသားများလွတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း ဖော်ပြသည်။

သို့သော် စစ်ကိုင်းတိုင်းထဲက ရွှေဘိုအကျဉ်းထောင်၊ ကသာထောင်၊ မုံရွာအကျဉ်းထောင်၊ ကလေးအကျဉ်းထောင်များအပြင် ပဲခူးထောင်၊ ပေါင်းတည်ထောင်၊ လွိုင်ကော်ထောင်၊ တောင်လေးလုံးထောင်တို့က လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ မပါဝင်ကြောင်း PPNM ထံမှ သိရသည်။

လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသားများကို လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးခြင်းမှာ စစ်မြေပြင်များတွင် စစ်ကောင်စီ ရှုံးနိမ့်နေခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် တာဝန်ခံ ဦးသိုက်ထွန်းဦးက ပြောသည်။

“သူတို့က ပြည်တွင်းလုံခြုံရေးကို ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့အခြေအနေမှာ သူတို့ကို ဆန့်ကျင်တွန်းလှန်လို့ သူတို့ ဖမ်းဆီးပြီး အကျဉ်းထောင်ထဲ ထည့်ခဲ့တဲ့လူတွေကို ပြန်လွှတ်ပေးရဲတဲ့ သတ္တိမရှိတာလည်းပါတယ်။ ဒီနိုင်ငံရေးအကျဉ်းသား ဆိုတာကလည်း သူတို့တွေ့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် နိုင်ငံတကာစင်မြင့်တွေမှာ တက်ရောက်ခွင့်ရရေး၊ နိုင်ငံတကာ ဖိအားလျှော့ချရေးတွေမှာ အသုံးပြုဖို့အတွက် ဒါပြန်ပေးဆွဲထားခြင်းဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက်တွင် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးကြောင်း ကြေညာထားသည်။