ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
3511
ပုံစာ - ရုပ်အလောင်းကို ရွာသို့ ပြန်သယ်ရန် ပြင်ဆင်နေစဉ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာက ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကလော့ကျေးရွာသား ရော်ဘာခြံလုပ်ကိုင်သည့် အသက် ၃၅နှစ်အရွယ် ဦးနိုင်ဦးဆိုသူသည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန့်က ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံများထံမှ သိရသည်။

ဦးနိုင်ဦးသည် ရော်ဘာခြံသို့အသွားလမ်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ပစ်ခတ်ပြီးနောက် အလောင်းကို ရွာထိပ်တွင် ထားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

မသင်္ကာတွေ့ရှိသဖြင့် ပစ်ခတ်မိခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်ဟုလည်း ဒေသခံအချို့၏ ပြန်လည်ပြောပြချက်အရ သိရသည်။  

“ရော်ဘာခြံသွားတဲ့လမ်းမှာ အပစ်ခံရတယ်။ ပြီးတော့ သူတို့ (စစ်တပ်) က ရွာထိပ်မှာ လာထားသွားတယ်” ဟု ကလော့ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ရုပ်အလောင်းကို ရေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင်ပင် ကျေးရွာသို့ ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်အတွင်း ပစ်ခတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားလာသည့်နောက် ည ၈ နာရီမှ နံနက် ၄ နာရီအထိ သွားလာခြင်းမပြုလုပ်ရန် စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ထုတ်ကာ ကန့်သတ်လိုက်သည်။

ထိုသို့ ကန့်သတ်ထားမှုကြောင့် ရော်ဘာခြံကို အဓိက လုပ်ကိုင်နေကြသည့် ဒေသခံတို့အတွက် အခက်အခဲကြုံ တွေ့နေရကြောင်း ဒေသခံတို့က ပြောသည်။

“ညမထွက်ရအမိန့်နဲ့ ရော်ဘာခြစ်သမားတွေ ဘာမှ လုပ်စားလို့မရဘူး။ ညပိုင်းမပြောနဲ့ နေ့ခင်းပိုင်းတောင် သွားလာရတာ မလုံခြုံဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက် ညပိုင်းတွင်လည်း လမိုင်းမြို့တွင် လမိုင်းပရဟိတလူငယ်များအဖွဲ့၏ အဖွဲ့ဝင် အသက် ၂၁နှစ်အရွယ် ကိုလင်းအောင် အသင်းရုံးမှ နေအိမ်သို့အပြန်လမ်းတွင် ပစ်သတ်ခံခဲ့ရသည်။

လမိုင်းရဲစခန်းနားသို့ ကပ်လာသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။ သို့သော်လည်း ရုပ်အလောင်းမှာ ရဲစခန်းမှ ဆိုင်ကယ်ဖြင့် ၅မိနစ်ကျော်ကြာ သွားရသည့် နောင်တော်ကြီး စေတီဘေးလမ်းတွင် တွေ့ရှိရသဖြင့် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိသည်ဟု မြို့ခံအချို့က ပြောဆိုခဲ့ကြသည်။