ထိုင်ဝမ်ငလျင်ကြောင့် ဒဏ်ရာရသူ ၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၇ ဦးအထိရှိလာ

0
394

ထိုင်ဝမ်ကျွန်းဆွယ်တွင် ယနေ့ နံနက်ပိုင်းက ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၇ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၇၀၀ ကျော်အထိရှိခဲ့ပါတယ်။

အဆောက်အဦး ဒါဇင်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ပြီး ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားရသည်။

ငလျင်သည် ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်းမြို့ဖြစ်သည့် Hualien မြို့နှင့် ၁၁ မိုင်အကွာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး‌ နောက်ဆက်တွဲ ငလျင်ငယ်များလည်း ဆက်တိုက် လှုပ်ခတ်ခဲ့သည်။

သေဆုံးသူ ၃ ဦးသည် ယနေ့နံနက်ပိုင်း တောင်တက်နေသောအချိန် ငလျင်လှုပ်ခတ်ခဲ့သဖြင့် ကျောက်တုံးကြီးများ လိမ့်ကျလာမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

ထရပ်ကားမောင်းသမားတစ်ဦးလည်း ဥမင်ထဲ ဝင်မည့်အချိန်တွင် မြေပြိုမှုနှင့် တွေ့ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအားလုံးသည် ငလျင်ဗဟိုချက်အနီးက အရှေ့ဘက် ကမ်းရိုးတန်းမြို့ Hualien မြို့မှ ဖြစ်ကြကြောင်း သိရသည်။

ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၇၃၆ ဦးရှိခဲ့ပြီး ၇၇ ဦးမှာ ပိတ်မိနေဆဲဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

ငလျင်ကြောင့် မြေပြိုမှု ၂၄ ခုအထိရှိခဲ့ပြီး လမ်း၊ တံတားနှင့် ဥမင်လှိုင်ခေါင်း ၃၅ ခုအထိ ပျက်စီးခဲ့သလို လျှပ်စစ်မီးပျက်တောက်နေကြောင်း ကြေညာထားသည်။

ရထားလမ်းများလည်း ပျက်စီးခဲ့သဖြင့် မြို့တစ်ခုလုံးရှိ ကျောင်းနှင့် လုပ်ငန်းများအားလုံး ရပ်ဆိုင်းထားရသည်။

ထိုင်ဝမ်တွင် ယခုငလျင်သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၂၅ နှစ်အတွင်း အကြီးမားဆုံးငလျင်ဖြစ်ခဲ့သည်။

၁၉၉၉ ခုနှစ် ရစ်ချက်စတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့သည်။

Ref: The Guardian, Daily Mail