ပကာရီကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်၊ လက်နက်ကြီးကျသဖြင့် အိမ်တစ်လုံးမီးလောင်

0
680

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတိုက်ပွဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့နှင့် တပ်ခွဲမှူးတစ်ဦးက ပြောသည်။

ထားဝယ်မှ ရေဝိုင်း-ပကာရီကျေးရွာဘက်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလ ၂ ရက် နံနက် ၈ နာရီခွဲတွင် ရေဝိုင်းလမ်းဆုံအနီး၌ တိုက်ပွဲဖြစ်ပွားကြောင်း ပူးပေါင်း တပ်ဖွဲ့က တပ်ခွဲမှူးတစ်ဦးက ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်က စစ်ကူလာပြီး စစ်ကြောင်းနှင့် ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

တော်လှန်ရေးတပ်များဘက်လည်း ကရင်တပ်များဖြစ်သည့် KNLA၊ KTLAတို့နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီ တပ်နှင့် ပကာရီကျေးရွာ ရေလယ်အင်းအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း တပ်ခွဲမှူးက ပြောသည်။

နံနက် ၈နာရီခွဲမှ နေ့လယ် ၁၂နာရီခွဲခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ခြောက်ဦး ခန့်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်ဘက်ကလည်း သုံး ဦးဒဏ်ရာရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးကျပြီး အိမ်တစ်လုံးပြိုသွားတယ်။ (စစ်ကောင်စီတပ်က) ကားကတစ်စီး အိမ်ကတစ်လုံး မီးရှို့သွားတယ်” ဟု တပ်ခွဲမှူးက ဆိုသည်။

အရှေ့တောဒေသက စစ်ဘေးရှောင်အမျိုးသားတစ်ဦးကမူ လက်နက်ကြီးကျပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးသည်ကိုသာ ကြားရပြီး ကားတစ်စီးနှင့် နောက်ထပ်နေအိမ်တစ်လုံး မီးရှို့ခံရသည်ဆိုသည့်ကိစ္စကို အတည်မပြုနိုင်သေးဟုဆိုသည်။

“ရွာထဲမှာ လူတွေလည်း တစ်ယောက်မှမရှိဘူးဆိုတော့ အတိအကျကြီးမပြောနိုင်သေးဘူး၊ အိမ်တစ်လုံး လက်နက်ကြီးထိပြီး မီးလောင်တာတော့ သေချာတယ်။ ယက်ကန်းစင်တောင်အနီးက နေအိမ်ပဲ၊ ပကာရီရွာထဲကပဲ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ မြောင်းပြို၊ သဗြုချောင်း၊ ပျဉ်းသားတော၊ သစ်ခက်ချောင်း၊ တောင်သုံးလုံး၊ ကထောင်းနီ၊ ရွှေချောင်း၊ မေတ္တာ၊ ပကာရီ၊ ပခပ်၊ ဆန်းချီ၊ ရှစ်မိုင် စသည့် ကျေးရွာက ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေ သည်။ ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီတပ်သည် ခုခံစစ်အသွင်ပြောင်းသွားပြီး KNLA၊ PDF၊ KTLA ပူးပေါင်းတပ်များမှာ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အနေအထားဖြစ်လာသည်။

အရှေ့တောဒေသက ပကာရီစခန်း၊ ကျောက်မဲတောင်စခန်း၊ မေတ္တာစခန်းကို KNLA၊ PDF၊ KTLA ပူးပေါင်းတပ်များက ဝိုင်းရံ ပိတ်ဆို့ ထားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှာ စခန်းထဲမှ အပြင်သို့ မထွက်နိုင်ဖြစ်နေကြောင်း ပူပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။

စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်း မထိုးနိုင်တော့သဖြင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာပြီး လေကြောင်းဖြင့် စစ်လက်နက်နှင့် ရိက္ခာများစခန်းတွင်းကို ပစ်ချပို့ဆောင်နေရသည့် အခြေအနေဖြစ်နေသည်မှာ တလကျော်လာပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်သည် မြေပြင်စခန်းများ မကျစေရေးအတွက် အသည်းအသန်ကြိုးပမ်းနေပြီး မြေပြင်စခန်းကို လက်နက် အင်အား လူအင်အားဖြည့်တင်းရန်အတွက် ခန့်မှန်းအင်အား ၁၀၀ ခန့်ကို ထားဝယ်မှ စစ်ကူစေလွှတ်နေခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။