ကရင်နီတွင် သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးရဲဘော် ငါးရာကျော်သေဆုံးကြောင်း PKPF ပြော

0
596
Photo – KNDF ပုံစာ - ၂၀၂၃ခုနှစ် ဧပြီလ ၁ရက်က ပြုလုပ်ခဲ့သည့် KNDF ရဲဘော်တစ်ဦး၏ ဈာပန။

ကရင်နီ (ကယား) ပြည်တွင် သုံးနှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁၅ ဦး သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်သည်။

အာဏာသိမ်းချိန်မှစတင်ကာ မတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ စာရင်းကို ထုတ်ပြန်ရာတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF၊ PDF၊ ကရင်နီတပ်မတော် KA တို့က တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၈၉ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြသဖြင့် မတ်လ တစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့သည်ကို တွေ့ရသည်။

သုံးနှစ်ကျော်ကာလတွင် စစ်ကောင်စီဘက်က ၃၂၀၀ ကျော် သေဆုံးပြီး စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု အကြိမ် ၇၀နီးပါးရှိကာ တိုက်လေယာဉ် နှစ်စင်းပျက်စီးခဲ့ကြောင်း PKPF က ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူ ၄၈၀ ကျော် သတ်ဖြတ်ခံရပြီး စစ်ဘေးရှောင်နေစဉ် သေဆုံးသူလည်း ၁၅၀ ကျော် ရှိကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူလည်း ၁၅၀ ကျော်ရှိကြောင်း ရေးသားထားသည်။

တိုက်ပွဲအကြိမ်ရေ တစ်ထောင်ကျော်ြဖစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၄၀၀ ကျော်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူနေအိမ် ၂၄၀၀ ကျော်၊ ဘာသာရေးအဆောက်အအုံ ၅၀နီးပါး၊ ဆေးရုံ၊ ဆေးခန်း ၁၅လုံး၊ စာသင်ကျောင်း ၂၀ကျော်လည်း ပျက်စီးခဲ့ကြောင်း PKPF က ဆိုသည်။

တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကာလအတွင်း ကရင်နီ ပြည်တွင် မြို့ခုနစ်မြို့နှင့် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက မတ်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် နယ်မြေစိုးမိုးမှု အနည်းငယ်သာ ရှိတော့ကြောင်းလည်း ဆိုသည်။