စစ်တပ်နှင့် တိတ်တဆိတ် ပူးပေါင်း အလုပ်လုပ်နေသော ပုလဲကုမ္ပဏီများ

0
568

နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများထွက်ခွာရန် တောင်းဆိုမှုများအကြား မြိတ်ကျွန်းစုဒေသအတွင်းရှိ ပြည်ပပုလဲလုပ်ငန်းများမှာ ပိုနေမြဲ ကျားနေမြဲ ဆက်လုပ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအတွင်း စစ်ပွဲနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို ဝင်ငွေ ရပေါက်ရလမ်း ဖန်တီးပေးနေသည်ဟုဆိုကာ ဂျပန်အပါအဝင် ပြည်ပ ပုလဲ ကုမ္ပဏီများကို ထွက်ခွာရန် တိုက်တွန်းနေခြင်း ဖြစ်သည်။

ပုလဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ထင်ရှားသော သီချင်းတစ်ပုဒ်ရှိသည်။ ခင်မောင်တိုး သီဆိုထားသည့် မျက်သွယ် အမည်ရသီချင်းတွင် “ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်ပဲခင်၊ ဒါကြောင့် သာပဲ လည်မှာ မဆွဲစမ်းပါနဲ့ ခင်”သီကုံးထားသည်။

ပုလဲကြိုက်သော ချစ်သူကို မည်သည့်အတွက်ကြောင့် လည်တွင် မဆွဲသင့်သည်ကို ခံစားသီဆိုထားခြင်း ဖြစ်သည်။ ထိုနည်းဖြင့် ပုလဲအချစ်တော်များကို သတိထားမိသွားစေခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာလူထုမှာလည်း ကမာကောင်များနည်းတူ ပုလဲမျက်ရည်ခလာရသည်။ ပုလဲလုပ်ငန်းများသည်လည်း လူထုကို သတ်ဖြတ်ညှင်းဆဲနေသော စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ငွေကြေးစီးဝင်စေနေကြောင်း စွပ်စွဲမှုများ ရှိလာသည်။

“အခုတော့ ပုလဲလေးတွေဆိုတာ မျက်ရည်ဆိုတာထက် ပိုသွားပြီ။ ပုလဲလုပ်ငန်းကရတဲ့ ငွေတွေနဲ့ လူသတ်ဖို့ စစ်တပ်က လက်နက်ခဲယမ်းတွေဝယ်တယ်”ဟု ပုလဲလုပ်ငန်းများ အဓိက အခြစိုက်ရာ မြိတ်ကျွန်းစုမှ ဒေသခံ တစ်ဦးက ဆိုသည်။

အထူးသဖြင့် မြန်မာနိုင်ငံအတွင်း အကြီးဆုံး ပုလဲ ကုမ္ပဏီ ဂျပန်တာဆာကီကုမ္ပဏီကို ပစ်မှတ်ထား၍ နိုင်ငံအတွင်းရှိ ပုလဲလုပ်ငန်းများ စစ်အုပ်စုနှင့် အလုပ်မလုပ်ဘဲ ထွက်ခွာသွားရန် လူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုလျက်ရှိသည်။

လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှု အဖွဲ့တစ်ခုဖြစ်သော Burma Campaign UK က တာဆာကီ ကုမ္ပဏီကို ၂၀၂၂ ခုနှစ် မတ်လတွင် အမည်မည်းစာရင်း (Dirty List) သွင်းခဲ့သည်။ ယင်းစာရင်းပေါက်သည့် ကုမ္ပဏီများမှာ မြန်မာစစ်တပ်နှင့် စီးပွားရေး အတူလုပ်ကိုင်ခြင်း၊ သို့မဟုတ် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော စီမံကိန်းများတွင် ပါဝင်လေ့ရှိသည်။

တနင်္သာရီတိုင်းတွင် လူမှု၊ သဘာဝပတ်ဝန်းကျင် တရားမျှတမှု ရှိရေး လုပ်ဆောင်နေသော MEGGA အဖွဲ့၏ အစီရင်ခံစာ တစ်ရပ်အရ မြန်မာ တာဆာကီကုမ္ပဏီသည် မြိတ်ကျွန်းစု ဒိုမယ်နှင့် လငန်း ကျွန်းတို့တွင် ပုလဲလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

တာဆာကီ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက်အရ ပုလဲများကို ကျင့်ဝတ်နှင့် ညီစွာ၊ ရေရှည်တည်တံ့သော နည်းဖြင့် ထုတ်လုပ်လျက်ရှိသည်ဟု ဆိုသည်။

နိုင်ငံတကာစျေးကွက်တွင် လိုအပ်ချက် တိုးနေသည်နှင့် အမျှ ပုလဲလုပ်ငန်းများသည် စစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများက လုပ်ငန်းများ တိုးချဲ့လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်း ပုလဲလုပ်ငန်းတစ်ခုဖြစ်သော Virgin Pearl သည်လည်း မကြာသေးမီကမှ ကော့ရဲကြီးကျွန်းတွင် ပုလဲထုတ်လုပ်ရန် တင်ဒါအောင်ခဲ့သေးသည်။

ခက်ရင်းခွကျွန်းအနီး စစ်ကောင်စီနှင့် ပူးပေါင်း ပုလဲထုတ်လုပ်ရန် ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်သော ပြည့်စုထက်မြင့် ကုမ္ပဏီက ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းအတွက် ယခုနှစ်ဆန်းပိုင်းကလည်း ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သေးသည်။

လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များက တောင်းဆိုနေလင့် ကစား ယနေ့အချိန်အထိ မည်သည့် ပုလဲလုပ်ငန်းမျှ မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာခြင်း မရှိသေးပါ။

ပုလဲလုပ်ငန်းများမှာ စစ်ကောင်စီ၏ သယံဇာတထုတ်လုပ်မှု လုပ်ငန်းမှ ရရှိသော ဝင်ငွေစုစုပေါင်း၏ ၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် အကြီးအကျယ် မီးမောင်းထိုး လှုံ့ဆော် မခံရသောကြောင့်လည်း ဖြစ်နိုင်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ဆန့်ကျင်ရှုံ့ချမှုများမှာ စစ်ကောင်စီ၏ ဝင်ငွေရပေါက်ရလမ်းကြီး ဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်သာ အာရုံစိုက်မှုများလေ့ရှိသည်။ ထိုကြောင့်ပင် Total နှင့် Chevron ကဲ့သို့သော ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပုလဲလုပ်ငန်းများသည် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နိုင်ရန် အတွက်သာ အထောက်အပံ့ဖြစ်စေကြောင်း MEGGA Initiative မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်ဆုဆုက ဆိုသည်။ ထိုသို့ဖြင့် မြန်မာ စစ်ကောင်စီကို တိတ်တဆိတ် အားပေးနေသူများ ဖြစ်နေကြောင်း သူက ညွှန်းဆိုသည်။

စစ်ကောင်စီ၏ ဝင်ငွေရပေါက်

မြိတ်ကျွန်းစုအတွင်း Pinctada Maxima အမျိုးအစား ကမာကောင်မှ ထုတ်လုပ်ပြီး တောင်ပင်လယ် ပုလဲအဖြစ် လူသိများသည်။ ယင်းကမာကောင် အမျိုးအစားကို မုတ်ကောင်၊ ဆလုံလူမျိုးတို့ အခေါ် ‘ငေါ်မု့’ ဟု ခေါ်သည်။ ၎င်း၏ ရှားပါးမှုနှင့် လက်ရာမြောက်ခြင်းကြောင့် ပုလဲတို့၏ ဘုရင်မ အဖြစ်ထင်ရှားသည်။ ရေငန်မုတ်ကောင် မှတစ်ဆင့် ပုလဲ မွေးမြူထုတ်လုပ်ရန် သုံးနှစ်အထိ ကြာမြင့်ပြီး တစ်လုံးမှ သုံးလုံးအကြား ထွက်ရှိသည်။ ရေချိုမုတ်ကောင် ပုလဲကိုမူ ခြောက်လဖြင့် ထုတ်လုပ်နိုင်ပြီး တစ်ကြိမ်လျှင် ၁၂ လုံးခန့် ထွက်ရှိသည်။ ထိုကြောင့်ပင် ရေငန် တောင်ပင်လယ်ပုလဲမှာ ရှားပါးပြီး တန်ဖိုးကြီးသည်။

Pinctada Maxima အမျိုးအစား ကမာကောင်မှာ နေရာတိုင်းတွင် ဖြစ်ထွန်းခြင်း မရှိဘဲ မြိတ်ကျွန်းစု၊ ဩစတေးလျ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ရှိ ပတ်ဝန်းကျင်ကောင်းမွန်သည့် ရေငန်ပင်လယ်အတွင်းတွင်သာ မွေးမြူထုတ်လုပ်နိုင်သည်။ ဂျပန်အခြေစိုက် Nikkei Asia ၏ ဆောင်းပါး တစ်ရပ်အရ မြန်မာ့တောင်ပင်လယ်ပုလဲကို မက်မက်စက်စက် နှစ်ချိုက်သူများတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကဲ့သို့သော လူသိများထင်ရှား သူများပါ ပါဝင်သည်။

ထိုသို့သော အရည်အသွေးကောင်း ပုလဲများထုတ်လုပ်ရန် မြန်မာနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်များ ကတည်းက နိုင်ငံတကာ ကုမ္ပဏီများက စတင်မျက်စိကျလာပြီး ဂျပန်ကုမ္ပဏီများ စတင်ဝင်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်အာဏာရှင်စနစ်အပြီး ၁၉၉၀ ပြည့်နှစ်လွန် ကာလများတွင် တခါးဖွင့်စီးပွားရေးစနစ် ကျင့်သုံးချိန်တွင် ပုလဲလုပ်ငန်း ပိုမိုကြီးထွားလာသည်။

အခွန်ကောက်ယူခြင်း၊ လုပ်ကိုင်ခွင့်လိုင်စင်ကြေး၊ နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်ခြင်းတို့ဖြင့် စစ်ကောင်စီသည် ပုလဲလုပ်ငန်းမှ တစ်ဆင့် ဝင်ငွေရရှိနေသည်။ နိုင်ငံခြား ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ပါက စုစုပေါင်း ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီထိန်းချုပ်ထားသော မြန်မာ့ပုလဲလုပ်ငန်းသို့ ပေးသွင်းရပြီး နည်းပညာလည်း လွှဲပြောင်းပေးရသည်။

မြန်မာ့ သယံဇာတထုတ်ယူ ရောင်းချမှုများ ပွင့်လင်းမြင်သာရေးအဖွဲ့ (EITI) ၏ ၂၀၁၇-၁၈ ခုနှစ် အစီရင်ခံစာ အရ ပုလဲလုပ်ငန်းတွင် နိုင်ငံခြား ကုမ္ပဏီ လေးခုနှင့် ပြည်တွင်း ကုမ္ပဏီ ခုနှစ်ခု စုစုပေါင်း ၁၁ ခုက ထုတ်လုပ်လျက်ရှိသည်။ ယင်းနှစ်အတွင်း အစိုးရက ပုလဲလုပ်ငန်းမှ ဘဏ္ဍာငွေ မြန်မာကျပ် ၁ ဒသမ ၈ ဘီလီယံ ရရှိခဲ့သည်။

နိုင်ငံခြား ကုမ္ပဏီ လေးခုအနက် မြန်မာတာဆာကီမှာ အကြီးဆုံးဖြစ်ပြီး မြန်မာအစိုးရ၏ ပုလဲ ရန်ပုံငွေ လေးပုံတစ်ပုံကျော် (၂၆ ရာခိုင်နှုန်း) ကို ဖြည့်ဆည်းပေးနေသည်။ အခြား ကုမ္ပဏီများမှာ ဩစတေးလျအခြေစိုက် မြန်မာအတ္တလန်တစ် (၁၁ ရာခိုင်နှုန်း)၊ ထိုင်းကုမ္ပဏီ မြန်မာ အက်ဒမန် (၃ ရာခိုင်နှုန်း) နှင့် စင်ကာပူ အခြေစိုက် ဘဲလ်ပါးမြန်မာ (၁ ရာခိုင်နှုန်း) တို့ ဖြစ်သည်။

မြန်မာတာဆာကီက ထုတ်လုပ်သည့် ပုလဲ ၇၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ပြီး ယင်းမှာ အမေရိကန်ဒေါ်လာ ၆ သန်းခန့် တန်ဖိုးရှိသည်။ ပုလဲသည် တန်ဖိုးကြီး ဇိမ်ခံစျေးကွက်အတွင်း ဒီဇိုင်းဆင် လက်ဝတ်ရတနာများအဖြစ်သို့ ပြောင်းလဲလာရာ ယင်းတန်ဖိုးမှာ များစွာ တက်လာဖွယ်ရှိသည်။

ပုလဲတိုးချဲ့ ထုတ်လုပ်ခြင်းကြောင့် ဌာနေတိုင်းရင်းသား မော်ကင်းလူမျိုး တို့ အခြေချနေထိုင်ရာ ဒေသများကို စွန့်ခွာရစေပြီး ၎င်းတို့၏ ငါးဖမ်းစားကျက်များလည်း လက်လွှတ်ရခြင်းကြောင့် မြန်မာနိုင်ငံတွင် ပုလဲထုတ်လုပ်မှုမှာ စစ်အာဏာမသိမ်းမီကပင် အငြင်းပွားဖွယ်ရာ ဖြစ်သည်။

“တနင်္သာရီဒေသက ပုလဲလုပ်ငန်းတွေဟာ မော်ကင်းတွေရဲ့ နေအိမ်စားကျက်တွေကို အတင်းရယူ လုပ်ဆောင်ထားတာဖြစ်တယ်”ဟု မော်ကင်းအရေး လှုပ်ရှားသူ တစ်ဦးက ဆိုသည်။

“သူတို့က အခု ဒိုမယ်ကျွန်း အရှေ့ဘက်ကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်း ထပ်ချဲ့နေတယ်”

ပိုနေမြဲ ကြားနေမြဲ

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ ပုလဲလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဧပြီလက စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။ ပုလဲလုပ်ငန်းများသည် မြန်မာ စစ်ကောင်စီအတွက် အဓိကကျသော စီးပွားရေး အရင်းအမြစ်ဖြစ်လျက်ရှိပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို အကြမ်းဖက်နှိမ်နင်းလျက်ရှိသည်။

ယခုဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ လူထုအပေါ် သတ်ဖြတ်မှုများတွင်လည်း တာဝန်ရှိနေသည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုထားသည်။

ထိုသို့ အရေးယူပိတ်ဆို့ထားသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် မြန်မာ့ ပုလဲလုပ်ငန်းတို့သည် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၆ ခုထက် မနည်းကျင်းပခဲ့သည်။ ယင်းတွင် ပုလဲအတွဲ ၁၂၀၀ ကျော်ကို ရောင်းချခဲ့သည်။ ပုလဲတစ်တွဲ၏ အနိမ့်ဆုံး စျေးမှာ ဒေါ်လာ တစ်ထောင်ဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာ ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀ အပါအဝင် ရတနာ အတွဲ ၁၆၀၊ ကျောက်စိမ်းအတွဲ ၄၀၀၀ ကျော် ရောင်းချခဲ့သည်။ နိုင်ငံခြားသား ဝက်လက်များကို ဆွဲဆောင်သည်နှင့် အမျှ ကျောက်မျက်များကို ဒေါ်လာ၊ ယူရို၊ ယွမ် နှင့် ထိုင်းဘတ် ငွေကြေးများဖြင့်သာရောင်းချခဲ့ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီကရောင်းချသည့် ကျောက်မျက်များကို ဝယ်ယူခြင်း မပြုရန် ထုတ်ပြန်ထားပြီး ရောင်းချရာတွင် ပါဝင်ဆောင်ရွက်ပေးသော နိုင်ငံဝန်ထမ်းများ၊ ကုမ္ပဏီများကို အရေးယူမည်ဟု ဆိုထားသည်။

ပိုနေမြဲ ကျားနေမြဲ ဆက်လုပ်နေသော ပုလဲလုပ်ငန်းများကို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသော သွေးစွန်းငွေ (Blood Money Campaign)၊ Human Rights Now နှင့် Justice for Myanmar တို့က စစ်ကောင်စီ၏ မြန်မာပုလဲလုပ်ငန်းနှင့် တွဲလုပ်ခြင်း မပြုရန် တောင်းဆိုထားသည်။ ဂျပန်အခြေစိုက် တာဆာကီပုလဲလုပ်ငန်းကိုလည်း မြန်မာစစ်ကောင်စီကို အထောက်အပံ့ပေးနေကြောင်း စွပ်စွဲထားသည်။

“မြန်မာနိုင်ငံမှာ ပုလဲလုပ်ငန်း လုပ်တာပဲ ဖြစ်ဖြစ်၊ မြန်မာပြည်က ထွက်တဲ့ ပုလဲ ဝယ်တာပဲ ဖြစ်ဖြစ် စစ်ကောင်စီဟာ အဲဒီငွေတွေနဲ့ မြန်မာပြည်သူတွေကို သတ်ဖြတ်၊ ဗုံးကြဲဖို့ အသုံးပြုနေတယ်ဆိုတာ သိဖို့လိုပါတယ်”ဟု သွေးစွန်းငွေ လှုပ်ရှားမှုမှ ခေါင်းဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုက်က ဆိုသည်။ မြန်မာ စစ်ကောင်စီနှင့် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကျင့်ကြံလေ့ရှိသော ဂျပန်အစိုးရကိုလည်း ဒီမိုကရေစီကို ချစ်မြတ်နိုးသော ပြည်သူများက အလေးထား စောင့်ကြည့်ရန် ၎င်းက တိုက်တွန်းသည်။

ယင်းတို့သော အမျိုးမျိုးသော ဝေဖန်မှုများအကြား မြန်မာတာဆာကီ ကုမ္ပဏီသည် မြန်မာ စစ်ကောင်စီနှင့် စီးပွားရေးအရ ဆက်နွယ်မှုမရှိကြောင်း ငြင်းဆိုသည်။ မြန်မာတာဆာကီသည် ရာနှုန်းပြည့် ပြည်တွင်းကုမ္ပဏီတစ်ခု ဖြစ်ပြီး သက်ဆိုင်ရာ ဒေသတွင် လိုင်စင်ဖြင့် အလုပ်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း Dawei Watch သို့ အီးမေးလ်မှ တစ်ဆင့် ပြန်လည် ရှင်းလင်းပြောဆိုသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ အရမ်းကို စိုးရိမ်စရာ ကောင်းပါတယ်။ ပြည်သူတွေကို ကျူးလွန်တဲ့ ဘယ်လို အကြမ်းဖက်မှုမျိုး မဆို လက်ခံနိုင်ဖွယ် မရှိပါဘူး။ အထူးသဖြင့် ပုလဲလုပ်ကွက်တွေ ရှိတဲ့ ဧရိယာနဲ့ ပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အလေးထားစောင့်ကြည့်နေပါတယ်။ ဖြစ်နိုင်သမျှ အကောင်းဆုံး ဖြေရှင်းဆောင်ရွက်သွားပါ့မယ်”ဟု မြန်မာ တာဆာကီ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယခုဆောင်းပါးကို Mekong Eye နှင့် ပူးပေါင်း ထုတ်ဝေခြင်း ဖြစ်သည်။

မူရင်း အင်္ဂလိပ်ဘာသာဖြင့် ဆောင်းကို Mekong Eye နှင့် Dawei Watch စာမျက်နှာများတွင်လည်း ဝင်ရောက် လေ့လာနိုင်ပါသည်။