ပုလဲလုပ်ငန်းများက စစ်ကောင်စီအတွက် နှစ်စဉ် ကျပ် ၁၆ ဘီလီယံ ရှာဖွေပေးနေ

0
2573

မြိတ်ကျွန်းစုရှိ ပုလဲမွေးမြူရေးလုပ်ငန်းများမှ နှစ်စဥ်မြန်မာကျပ်ငွေ ၁၆ ဘီလီယံကျော် စစ်ကောင်စီထံသို့ တိုက်ရိုက်စီးဆင်းလျက်ရှိနေပြီး လုပ်ကွက်အသစ်များလည်း ထပ်မံတိုးချဲ့လာနေကြောင်း MMGGA Initiative အဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

MMGGA Initiative သည် ဒေသတွင်းလူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် အစဥ်တစိုက် လုပ်ကိုင်နေသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။

ယင်းအဖွဲ့က အချက်အလက်ကောက်ယူကာ ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် “အမေ့လျော့ခံ တန်ဖိုးများနှင့် မြိတ်ကျွန်းစုရှိ ပုလဲလုပ်ကွက်များ”ခေါင်းစဥ်ဖြင့် အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အစီရင်ခံစာတွေ့ရှိချက်အရ မြိတ်ကျွန်းစုတွင် ပုလဲမွေးမြူရေးလုပ်ကွက်ပေါင်း ၁၂ ခုရှိပြီး နိုင်ငံတော်နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်နေသည့် ပြည်ပကုမ္ပဏီ ၄ ခု၊ပြည်တွင်း ကုမ္ပဏီ ၇ ခုနှင့်၊နိုင်ငံပိုင် မွေးမြူရေးစခန်း ၁ ခု၊ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းကုမ္ပဏီများမှ နှစ်စဥ် မြန်မာကျပ်ငွေ ပျှမ်းမျှ ၁၆ ဘီလီယံသည်လည်း စစ်ကောင်စီသို့ ဆက်လက်စီးဝင်နေပြီး နောက်ထပ်လည်း လုပ်ကွက်အသစ်များ ထပ်မံတိုးချဲ့ရန် ခွင့်ပြုချက်ရထားသည်ဟု အစီရင်ခံစာကဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်ပိုင်း လုပ်ငန်းရှင်များမှ Vergin Pearl Enterprise Limited ဆိုသည့် ကုမ္ပဏီအမည်ဖြင့် ဘုတ်ပြင်းမြို့နယ်၊ ကော့ရဲကြီးကျွန်းတွင် ပုလဲမွေးမြူရေးလုပ်ငန်းအသစ်တစ်ခု လုပ်ရန် တင်ဒါအောင်ထားပြီး ကျွန်းစုမြို့နယ်၊ဒိုမယ်ကျွန်းနှင့် လငန်းကျွန်းတန်းတွင် လက်ရှိပုလဲထုတ်လုပ်နေသည့် ဂျပန်ကုမ္ပဏီ မြန်မာတာဆာကီကလည်း ဒိုမယ်ကျွန်းဧရိယာရှိ မုံ့အော်တွင် ထပ်မံ၍ လုပ်ငန်းတိုးချဲ့နေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Vergin Pearl Enterprise Limited ဆိုသည့်ကုမ္ပဏီမှ ဒါရိုက်တာများသည် ဇင်ယော်ကျွန်းနှင့် ဂျလန်းကျွန်းတွင် ပုလဲ မွေးမြူထုတ်လုပ်နေသည့် အရှေ့တိုင်းပုလဲကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် ပါဝင်နေကြသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ယင်းအပြင် ပုလဲကုမ္ပဏီအချို့မှာ လုံခြုံရေးအကြောင်းပြပြီး ဒေသခံများနှင့် မော်ကင်း(ဆလုံ)လူမျိုးများကို စခန်းအနီးဝန်းကျင်တွင် ငါး၊ကင်းမွန်၊ခရု၊ ပငို(ခေါ်)ကျောက်ပိုးကောက်ခြင်းများကို တားမြစ်ပိတ်ပင်ထား၍ ဒေသခံများမှာ ရှာဖွေစားသောက်ရေး အခက်အခဲကြုံနေရသည်။

ယင်းကြောင့် မော်ကင်း(ဆလုံ)ခေါင်းဆောင်အချို့သည် ၂၀၁၉ ခုနှစ်တွင် စားကျက်နယ်မြေပြန်လည်ရရှိရေး နေပြည်တော်အထိ သွားရောက်တောင်းဆိုခဲ့ကြပြီး ဒေသတွင်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့ဖူးသည်။

သို့သော်လက်ရှိအချိန်အထိ ရေစားကျက်ပြန်လည်ရရှိရေးတောင်းဆိုမှုများကို သက်ဆိုင်ရာတို့မှ ပြည့်ပြည့်ဝဝဆောင်ရွက်ပေးခြင်းမရှိသေးချေ။

စစ်အာဏာသိမ်းမှု အကျိုးအဆက်ကြောင့် မြန်မာပြည်မှ ပြည်ပရင်းနှီးမြှပ်နှံနေသည့် တချို့ကုမ္ပဏီများ ထွက်ခွါသွားခြင်း၊ရပ်ဆိုင်းသွားခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း ပုလဲမွေးမြူရေးလုပ်ငန်းများမှာ ရပ်ဆိုင်းသွားခြင်း ထွက်ခွါသွားခြင်းမရှိဘဲ ဆက်လက်လုပ်ငန်းလည်ပတ်နေသလို ထပ်မံတိုးချဲ့လာနေကြောင်း အစီရင်ခံစာကဆိုသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ပုလဲတင်ပို့မှုလုပ်ငန်းများနှင့်ဆက်စပ်ပြီး အမေရိကန်အစိုးရမှ ဒဏ်ခတ်ပိတ်ဆို့ခဲ့သော်လည်း တိုက်ရိုက်အကျိုးသက်ရောက်မှု နည်းခဲ့သည်။

ယင်းကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့မှ ပုလဲကုမ္ပဏီများ၏ ဆောင်ရွက်နေမှုများကို စောင့်ကြည့်ပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီမည့် ပူးပေါင်းဆောင်ရွက်မှု၊ အရေးယူဆောင်ရွက်မှု ပြုလုပ်ရန်လိုအပ်ကြောင်းလည်း အစီရင်ခံစာကတိုက်တွန်းထားသည်။

ပုလဲမှရသည့်ဝင်ငွေခွန်သည် ကျောက်မျက်၊ရေနံ၊သဘာဝဓါတ်ငွေ့ထက် အခွန်ရမှုနည်းသော်လည်း စစ်ကောင်စီ ဆက်လက်လည်ပတ်နိုင်ရန် ထောက်ပံ့နေသည့် ထောက်တိုင်တစ်ခုဖြစ်နေကြောင်း မော်ကင်း(ဆလုံ)လူမျိုးအရေး တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး ကမှတ်ချက်ပေးသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် တနင်္သာရီတိုင်းအတွင်းမှာရှိနေတဲ့ ပုလဲမွေးမြူရေးလုပ်ငန်းတွေဟာ မော်ကင်း(ဆလုံ)လူမျိုးစုငယ်တွေရဲ့ စားကျက်နယ်မြေတွေကို အနိုင်ကျင့် အပိုင်သိမ်းခြင်းတွေနဲ့ အစပျိုးခဲ့ကြပြီး အာဏာသိမ်း စစ်တပ်သက်ဆိုးရှည်စေရေးအတွက် ဘဏ္ဍာငွေဖြည့်ဆည်းပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်‌နေပါတယ်”ဟု ၎င်း ကပြောသည်။

မြိတ်ကျွန်းစုအတွင်း မော်ကင်း(ဆလုံ)လူမျိုးဦးရေမှာ လက်ရှိတွင် နှစ်ထောင်ကျော်လောက်သာရှိတော့ပြီး ကမ္ဘာပေါ်တွင် မျိုးတုန်းပျောက်ကွယ်လာတော့မည့် လူမျိုးတစ်မျိုးဖြစ်နေကြောင်းနှင့် ပုလဲကုမ္ပဏီများ ဝင်ရောက်လာမှုကြောင့် စားကျက်ပျောက်ကာ အိမ်နီးခြင်း ထိုင်းနိုင်ငံရှိကျွန်းများသို့ မိသားစုအလိုက် ရွှေ့ပြောင်း နေထိုင်ကြသူများလည်း ရှိလာနေကြောင်း ဆလုံလူမျိူးအရေး တက်ကြွလှုပ်ရှားသူများ ထံမှသိရသည်။