ကလိန်အောင်မြို့ခံ ကုန်မာဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

0
2236

ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် ကုန်မာဆိုင်ပိုင်ရှင်အမျိုသမီးတစ်ဦးကို ဇွန်လ ၈ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။

အဖမ်းခံရသူမှာ အမှတ် ၃ ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ ကျော်အရွယ် မချိုချိုဦးဆိုသူဖြစ်သည်။

ည ၁၀ နာရီဝန်းကျင်တွင် ၎င်း၏ကုန်မာဆိုင်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ဆိုင်တွင် တစ်နာရီကျော်ကြာ ရှာဖွေစစ်ဆေးပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။

“ဘယ်မှာဖမ်းထားလဲတောင် မသိသေးဘူး ။ အခုထိလည်းပြန်မလွတ်သေးဘူး “ ဟု မချိုချိုဦး နှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက ယနေ့ နေ့လယ်ပိုင်းကပြောဆိုသည်။

အဖမ်းခံရသည့် အကြောင်းအရင်းကိုလည်း တိတိကျကျမသိရသေးကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၀၈ ခြေမြန်တပ်ရင်း ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က သုံးကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကလိန်အောင်မြို့အပါအဝင် အနီးတဝိုက်ကို အစစ်ဆေးတင်းကြပ်‌လျက်ရှိကြောင်း ဒေသခံအချို့က ပြောသည်။

မတ်လအတွင်းကလည်း ကလိန်အောင်မြို့အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ အမျိုးသား ၃ ဦး၊အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ဦး အဖမ်းခံရပြီး ၃ ဦးပြန်လွတ်လာခဲ့သည်။

အခြားအမျိူးသားတစ်ဦးမှာမူ အဖမ်းခံထားရစဉ်တွင်ပင် ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး ကျန်သုံးဦးမှာ ယနေ့အချိန်အထိ အဖမ်းခံထားရဆဲဖြစ်သည်။