လေးလကျော်အတွင်း ထိုင်းက မြန်မာလုပ်သား ၁‌၃၀၀ ကျော် လွှဲပေး

0
1448

ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ဇွန်လ ၉ ရက်ရက်အထိ လေးလကျော်ကာလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ မြန်မာအလုပ်သမား ၁၃၀၀ ကျော်ကို ပြန်လည်လွှဲ‌ပြောင်းပေးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

ကော့သောင်းအခြေစိုက် ယင်းအဖွဲ့သည် မြန်မာအလုပ်သမားများကို လက်ခံရာတွင် ပါဝင်ကူညီပေးနေသည့်အဖွဲ့ ဖြစ်သည်။

ဖေဖော်ဝါရီလ ၂ ရက်က မြန်မာအလုပ်သမား အမျိုးသား ၅၄၀ ဦးနှင့် အမျိုးသမီး ၁၃၈ ဦး စုစုပေါင်း ၆၇၈ ဦးအား ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့သည်။

ယင်းနောက် မတ်လ ၁၇ ရက်နေ့တွင် အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၃၁ ဦးတို့အား လွှဲပြောင်းပေးသည်။

ဧပြီလ ၂၄ ရက်နေ့တွင်မူ အမျိုးသား ၁၂၆ ဦး၊ အမျိုးသမီး ၄၂ ဦး စုစုပေါင်း ၁၇၁ ဦးနှင့် မေလအတွင်းက ၁၆၀ ဦးကျော်တို့အား ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၉ ရက်တွင် အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၄၈ ဦး စုစုပေါင်း ၁၇၃ ဦးအား လွှဲပြောင်းခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လွှဲပြောင်းပေးသည့် ငါးကြိမ်တို့တွင် မြန်မာအလုပ်သမားဦးရေ စုစုပေါင်း ၁၃၁၃ ဦး‌အထိရှိလာခဲ့ခြင်းဖြစ်သည်။

ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ကော့သောင်းသို့ ပြန်လည်ရောက်ရှိလာသူတို့အား သက်ဆိုင်ရာတို့မှ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်း၊ ရောဂါပိုးတွေ့ရှိပါက ဆေးဝါးကုသခြင်းနှင့် ကွာရန်တင်းဝင်စေခြင်း၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများပေးခြင်း စသည်တို့အား ဆောင်ရွက်နေကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ကျခံရပြီး အကျဉ်းထောင်ကလွတ်မြောက်ပြီးနောက် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရခဲ့ရသည်။

ယင်းသို့ ထိန်းသိမ်းပြီးနောက်မှ ပြန်လည်လွှဲပေးခဲ့ခြင်းဖြစ်သည်။

ကော့သောင်းဘက်သို့ မလွှဲပြောင်းမီထိန်းသိမ်းရေးစခန်းတွင် လအတန်ကြာ ထိန်းသိမ်းခံရလေ့ရှိသည်။

မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် အလုပ်အကိုင်ရှားပါးခြင်း၊ လုံခြုံမှုမရှိခြင်းတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းတို့မှ ဝင်ရောက်မှုများရှိနေပြီး အဖမ်းအဆီးခံရမှုများလည်း ရှိနေဆဲဖြစ်သည်။