တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
774

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ

မြန်မာပြည်သူတွေ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေ ခံစားနေရ

စစ်ကောင်စီ လက်အောက်မှာ မြန်မာပြည်သူတွေ ကြောက်မက်ဖွယ်‌ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ခံစားနေရတယ်လို့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှု စတာတွေကို ပြည်သူတွေ ခံနေရပြီး မတ်လ အထဲမှာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး သုံးဦးအပါအဝင် အနည်းဆုံး ပြည်သူ ၂၀ဦး အသက်ရှုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။

ပြည်သူ သုံးဦးမှာ တစ်ဦးဟာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးဖို့ ဖိအားပေးခံနေရပြီး ပြည်သူ ၁၈ သန်းကျော်ဟာ လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ ယူကေအစိုးရက ဆက်လက်ကြိုးပမ်းအားထုတ် ကူညီသွားမယ်လို့လည်း ဝန်ကြီးက ပြောဆိုပါတယ်။

……………………………………..

စကစတပ် ပစ်ခတ်လို့ ဓမ္မသရွာမှာ အိမ်သုံးရာနီးပါးမီးလောင်၊ လူခြောက်ထောင်ကျော်ထွက်ပြေးရ

ဂျိုင်းမြစ်ထဲမှာရှိတဲ့ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာမှာ အိမ်ခြေသုံးရာနီးပါး မီးလောင်ပြာကျခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ဓမ္မသရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။

ဒေသခံအများစုဟာ စစ်ဘေးရှောင်နေရတာကြောင့် မီးကို အချိန်မီငြှိမ်းသတ်နိုင်ခြင်းမရှိခဲ့သလို မီးသတ်ကားတွေ ကိုလည်း စစ်ကောင်စီတပ်က တားဆီးထားတာကြောင့် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ကော့ဘိန်းကျေးရွာနဲ့ အနီးအနားတဝိုက်မှာရှိတဲ့ ကော့ပေါက်၊ ဓမ္မသ၊ တရနာ ကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်နဲ့ နေ့ရော၊ ညပါ ပစ်ခတ်နေသလို စစ်သင်္ဘောကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ခြောက်ထောင် ကျော် ထွက်ပြေးနေရပြီး အတိဒုက္ခရောက်နေကြရတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ပါတယ်။

……………………………………..

ကချင်မှာ စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက်သိမ်းယူခံနေရ

ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA ဌာနချုပ် လိုင်ဇာြမို့ကို ပစ်ခတ်တိုက်ခိုက်လေ့ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ နှစ်ပေါင်း ၃၀ ကျော်ကြာ တပ်စွဲထားတဲ့စခန်းတွေအပါအဝင် စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက်သိမ်းယူခံနေရပါတယ်။

လိုင်ဇာမြို့ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်က ဗျူဟာကျတဲ့ တပ်စခန်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်းတွေကို မတ်လ ၇ ရက်နေ့ကနေ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

သိမ်းယူထားတဲ့စခန်းပေါင်း ၄၀ ထက်မနည်း ရှိနေပြီး အဲဒီအထဲမှာ ၃၇ နှစ်ကြာ လက်လွှတ်ခဲ့ရတဲ့ KIO ဌာနချုပ်ဟောင်း နာ့ဖာတပ်စခန်း၊ ၃၉ နှစ်ကြာ စစ်တပ်အထိုင်ချထားတဲ့ ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက ယောယုံစခန်းတွေ ပါဝင်ပါတယ်။

စစ်ကောင်စီဘက်ကတော့ တပ်စခန်းတွေ မကျစေရေးအတွက် လေကြောင်းကိုအသုံးပြုတိုက်ခိုက်နေတဲ့ကြားက စခန်းတစ်ခုပြီးတစ်ခု သိမ်းယူခံနေရတာ ဖြစ်ပါတယ်။ ပြည်တွင်းသတင်းအချို့ကတော့ နယ်စပ်ကုန်သွယ်ရေးရှိတဲ့ လွယ်ဂျယ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားနိုင်ပြီလို့ ဖော်ပြကြပါတယ်။

……………………………………..

အကျဉ်းချုံးပြီး ညပိုင်းပြောင်းကျင်းပခဲ့တဲ့ တပ်မတော်နေ့အခမ်းအနား

နိုင်ငံတဝန်း စစ်မျက်နှာတွေဖွင့်ထားရတဲ့ စစ်ကောင်စီဟာ ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို အကျဉ်းချုံးပြီး ညပိုင်းကို ပြောင်းလဲ ကျင်းပခဲ့ပါတယ်။

စစ်တပ်ရဲ့ ကာကွယ်ရေးအင်အားကို ထုတ်ဖော်ပြသလေ့ရှိကြတဲ့ တပ်မတော်နေ့လို အခမ်းအနားမျိုးကို စစ်ကောင်စီကတော့ အခုနှစ်မှာ အကျဉ်းချုံးပဲ ကျင်းပနိုင်ခဲ့တာပါ။ စစ်သည်အင်အား ခုနစ်ထောင်ကျော် ပါဝင်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပြီး အမျိုးသမီး စစ်သည်က နှစ်ထောင်ကျော်အထိ ပါဝင်လာတယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ အမျိုးသမီး စစ်သည်ပါဝင်မှု များစွာတိုးလာပြီး ခြေလျင်၊ ခြေမြန်တပ်ရင်းတွေက စစ်သည်တွေ ပါဝင်မှုနည်းတယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။ ဒါဟာ နိုင်ငံတဝန်းမှာ စစ်မျက်နှာတွေ ဖွင့်ထားရတာကြောင့် ဖြစ်သလို စစ်အင်အား ပြုန်းတီးတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်တော့ ပူပြင်းတဲ့ ရာသီဥတုအခြေအနေကြောင့် ညပိုင်းကျင်းပတာလို့ အကြောင်းပြပါတယ်။

စစ်လက်နက်ပိုင်းမှာဆိုရင်လည်း ခါတိုင်းနှစ်တွေလို စစ်လက်နက် ယန္တရားကြီးတွေ၊ အတွဲလိုက်ဒုံးလို စစ်လက်နက် ပစ္စည်းတွေကို ထုတ်ဖော်ပြသနိုင်ခြင်း မရှိသလို လေကြောင်း ဂုဏ်ပြုတပ်နဲ့ တခမ်းတနား ပျံသန်းအလေးပြုတာတွေလည်း မပါဝင်ခဲ့ပါဘူး။ ဒါဟာ နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ စစ်လက်နက်ပစ္စည်းတွေ သိမ်းယူခံရတာ၊ စစ်ရေးအတွက် အသင့်ပြင်ထားရတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………..

စစ်မှုထမ်း သင်တန်းစတင်၊ ဆင့်ခေါ်ခံရသူတွေ မလာရင် လိုက်လံဖမ်းဆီး

စစ်မှုထမ်း နည်းပဒေ မထွက်သေးပေမယ့် စစ်မှုထမ်းသင်တန်း ပထမအသုတ်စတင်ဖို့ စစ်ကောင်စီက လူစုဆောင်းနေပြီဖြစ်ပြီး ဆင့်ခေါ်ခံရသူတွေ မလာရင် လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

စစ်မှုထမ်းသင်တန်း ပထမအသုတ်ဖွင့်ဖို့အတွက် ရန်ကုန်၊ နေပြည်တော်နဲ့ မကွေးတိုင်းတို့က စစ်ကောင်စီတပ် လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ လူငယ်တွေကို စုဆောင်းထားတာတွေ ယခုသီတင်းပတ်အတွင်း တွေ့လာရပါတယ်။

စစ်မှုထမ်းဖို့ မဲပေါက်သူတွေ၊ မဲစာရင်းအတည်ပြုခံထားရသူတွေ၊ စစ်ဆေးဖို့ မလာသူတွေကို ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီတပ်က နေအိမ်တွေလာရောက် ရှာဖွေဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်နေတယ် ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်တော့ အခုသင်တန်းတက်မယ့်သူတွေဟာ ကိုယ့်သဘောဆန္ဒအရ စစ်မှုထမ်းသူတွေလို့ ဆိုထားပါတယ်။ စစ်မှုထမ်းဖို့ စည်းရုံးလုပ်ဆောင်တာကြောင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် ၂၀ ထက်မနည်း အသတ်ခံခဲ့ရပါတယ်။

……………………………………..

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မကွေးမှာ AA စစ်ရေးဖော်

ပုံစာ – စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နဲ့ မကွေးတိုင်းထဲမှာ ရက္ခိုင့်တပ်တော် (AA) က စစ်ရေးဖော်ဆောင်လာပါတယ်။

နပခ အခြေစိုက်ရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မတ်လ ၂၆ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတာပါ။ AA က မြို့နယ် ၈ ခုကို သိမ်းယူပြီးနောက်မှာ နပခ ရှိတဲ့ နေရာမှာ တိုက်ပွဲတွေ ဖောင်ဆောင်လာတာပါ။ အမ်းမှာ ထောက်ပို့စခန်းတစ်ခုကို စစ်ကောင်စီက လက်လွှတ်လိုက်ရတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

လုံးကျေးရွာရဲ့ အနောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာြဖစ်ပြီး စစ်ကောင်စီဘက်က ဒရုန်း၊ လေကြောင်းပစ်ကူနဲ့ မြေပြင် လက်နက်ကြီးပစ်ကူတွေပေးပြီး တိုက်ခိုက်ခဲ့တယ်လို့ AA က ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရပြီး AA ဘက်ကတော့ နှစ်ဦးအနည်းငယ်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်မှာ ဘူးသီးတောင်၊ မောင်တောနဲ့ မြေပုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဘင်္ဂလား‌ဒေ့ရှ် နယ်စပ်ဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်မှာတော့ စစ်ကောင်စီ တပ်ရင်းနဲ့ တပ်စခန်းတချို့ကို AA က သိမ်းယူနိုင်ခဲ့ပါတယ်။ မောင်တောမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉၀ နီးပါး လက်နက်ချတာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်နဲ့ မကွေးအစပ် မကွေးတိုင်း ငဖဲမြို့နယ်ထဲက တုံးကြီးရွာ အရှေ့မြောက်ဘက်နဲ့ ချောင်းဖျားရွာတောင်ဘက် တွေမှာလည်း မတ်လ ၂၆ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရတယ်လို့ AA က ဆိုပါတယ်။

……………………………………..

ဆီဆိုင်ကို ထိန်းချုပ်နိုင်ပြီလို့ စကစ ပြော၊ စစ်ဇုန်ဖြစ်နေဆဲလို့ PNLA တုံ့ပြန်

ပုံစာ – စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ဆီဆိုင်မြို့မဈေး ပျက်စီးတယ်လို့ PNLA ထုတ်ပြန်ထားတယ်။

ရှမ်ပြည်တောင်ပိုင်း ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ကတော့ စစ်ကောင်စီက ဓာတ်ပုံဝင်ရိုက်သွားရုံပဲ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

စစ်ကောင်စီကတော့ PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို ပြန်လည်တိုက်ခိုက်ပြီး တစ်လနီးပါးအကြာ မတ်လ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ မတ်လ ၃၀ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ပြည်သူတွေ ပြန်နေထိုင် နေကြပြီလို့လည်း ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြပါတယ်။

PNLA ကတော့ ဆီဆိုင်ဟာ စစ်ကောင်စီ ထိန်းချုပ်တယ်ဆိုတာမဟုတ်ဘဲ စစ်ဇုန်ဖြစ်နေဆဲပဲလို့ ပြန်လည်တုံ့ပြန်ပါတယ်။ စစ်ကောင်စီဟာ လူထုတချို့ကို ပအိုဝ်းဝတ်စုံတွေ ဝတ်ဆင်ခိုင်း၊ လူသားဒိုင်းလုပ်ပြီး မြို့တွင်းနေရာတချို့မှာ ဓာတ်ပုံ ဝင်ရိုက်သွားတယ်လို့လည်း ဆိုပါတယ်။ ပြည်သူတွေ ပါနေလို့သာ PNLA က ပစ်ခတ်တာ မလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ထိခိုက်နိုင်လို့ ပြည်သူတွေ ဆီဆိုင်မြို့ထဲကို မဝင်ကြဖို့လည်း ပြောဆိုထားပါတယ်။ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တာကြောင့် ဆီဆိုင်မြို့ဟာ များစွာထိခိုက်ပျက်စီး သွားပြီလို့လည်း ဆိုပါတယ်။

……………………………………..