ထိုင်းတွင် ခရိုင် ၁၀ ခုရှိ ခရီးသွားနေရာများတွင် အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြှင့်မည်

0
427
ပုံစာ - ဘန်ကောက် ခရီးသွားနယ်မြေတစ်နေရာ (internet)

ထိုင်းနိုင်ငံတွင် ခရိုင် ၁၀ ခုရှိ ခရီးသွားနေရာများတွင် လာမည့် ဧပြီလ တတိယအပတ်မှစ၍ တစ်ရက် အနိမ့်ဆုံး‌ အခြေခံလုပ်အားခ ဘတ် ၄၀၀ အထိ စတင်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းအစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများပါဝင်သော သုံးပွင့်ဆိုင်ကော်မတီ၏ မတ်လ ၂၆ ရက်နေ့ အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် ကနဦး စတင်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အတွင်းရေးမှူးလည်းဖြစ်၊ သုံးပွင့်ဆိုင်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ Mr. Pairoj Chotikasathien က ပြောသည်။

ခရီးသွားဒေသများဖြစ်သည့် ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်ခရိုင်တစ်ခုလုံး၊ ကရဘီ၊ စွန်ခရာ၊ စူရတ်ဌာနီ၊ ဖန်င၊ ချွန်ဘူရီ၊ ပရကျွတ်ခီရီခန်နှင့် ရယွန်ခရိုင်များတွင် သတ်မှတ်ထားသော နေရာအများစုရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် တိုးမြှင့်သွားမည်ဖြစ်သည်။

နောက်ထပ် ပြည်ပတင်ပို့မှုလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း အခြေခံလုပ်အားခ တိုးမြှင့်ပေးရန် ထည့်သွင်းစဉ်းစားခဲ့ကြောင်း Mr. Pairoj Chotikasathien က ပြောသည်။

အခြေခံလုပ်အားခတိုးမြှင့်ရန်အတွက် လာမည့် ဧပြီလ ၂ ရက်နေ့တွင် အစိုးရသို့ တင်သွင်းသွားမည်ဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးထံမှ သိရသည်။

လုပ်အားခတိုးမြှင့်ပေးခြင်းသည် ထိုင်းနှစ်သစ်ကူး ဆုန်ခရမ်ပွဲတော် အားလပ်ရက်၏ လက်ဆောင်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးက ပြောဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၁ ရက်နေ့က အနိမ့်ဆုံးအခြေခံလုပ်အားခကို ဘတ် ၃၃၀-၃၇၀ အထိ ခရိုင်အလိုက် တိုးမြှင့်ပေးပြီး နောက် ယခုတစ်ကြိမ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ထပ်မံတိုးမြှင့်ပေးခြင်းဖြစ်သည်။

လုပ်အားခတိုးမြှင့်ပေးခြင်းကို ထိုင်းစီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် နေထိုင်စရိတ် ကုန်ကျမှုများကို အခြေခံ၍ တွက်ချက်ထားကြောင်း ဝန်ကြီးက ပြောဆိုထားသည်။

ပြီးခဲ့သောရွေးကောက်ပွဲတွင် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သော ဖွေထိုင်းပါတီက အနိမ့်ဆုံးအခြေခံလုပ်အားခကို ယခုနှစ်အတွင်း ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးမည်ဟု ကတိပေးထားခြင်းဖြစ်သည်။

Ref: Bangkok Post