ကော့သောင်းတွင် ဇနီးမောင်နှံ ရန်ဖြစ်ရာမှဓားထိုးမှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး

0
533
ဓာတ်ပုံ - ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့(ကော့သောင်း)

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ၃၁ မိုင်တွင် မတ်လ ၂၆ ရက် မွန်းလွဲပိုင်းက ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွာပြီး အသက် ၄၀ ကျော်အရွယ်ရှိ ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

ဆွေမျိုးတော်စပ်သူ၏ အသုဘအိမ်တွင် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“မိန်းမဖြစ်သူက အသုဘ စဖြစ်ကတည်းက အသုဘအိမ်မှာပဲ နေတာတဲ့။ (ရန်) မဖြစ်ခင်ညမှာ သူ့ယောက်ျား လိုက်လာအိပ်ပြီး မနက်မိုးလင်းတော့ ရန်ဖြစ်ကြတယ်လို့ သိရတယ်” ဟု အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ယင်းနေ့ ညနေပိုင်းတွင်ပင် ကော့သောင်းမြို့ ၂မိုင်ဆေးရုံသို့ ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့ ည ၇ နာရီခွဲခန့်ကလည်း ကော့သောင်းမြို့ မြေနီလမ်း မစံဆိုင်အနီးတွင် လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ အမျိုးသားတစ်ဦး ဒဏ်ရာရသည့်အတွက် ရွှေအဏ္ဏဝါအဖွဲ့က ပြုစုကူညီပေးခဲ့ရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကော့သောင်းတွင် မတ်လ ၂၆ ရက် တစ်ရက်တည်းတွင် ဓားထိုးခံရပြီး သေဆုံးသည့် အမျိုးသမီးအလောင်းအပြင် နောက်ထပ် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုလည်း ၂မိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ် အဖွဲ့ထံမှ သိရသည်။