အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်မှုတွင် ပါဝင်သည့် အုပ်ချုပ်ရေးမှူးတစ်ဦး ကော့သောင်းတွင် ပစ်သတ်ခံရ

0
477
ပုံစာ - အောင်မြန်မာရွာ

‌လောင်းကစား၊ စစ်မှုထမ်းကိစ္စများတွင် ပါဝင်ပတ်သတ်နေသည့် ခမောက်ကြီးမြို့မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ကော့‌သောင်းမြို့နယ် ခမောက်ကြီးမြို့ စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်မြန်မာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒီပါဆိုသူကို ဧပြီလ ၄ ရက်တွင် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်သည်။

၎င်းအုပ်ချုပ်ရေးမှူးသည် ငွေကြေးယူပြီး လောင်းကစားဝိုင်းထောင်ကာ ကိုယ်တိုင်လောင်းကစားလုပ်သည့်အပြင် စစ်မှုထမ်းရန်အတွက် ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းလည်း ပြုလုပ်နေကြောင်း စိစစ်သိရှိရသည့်အတွက် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း ကော့သောင်း ပကဖ ပြန်ကြားရေးတာဝန်ခံကဆိုသည်။

“သူကိုယ်တိုင်လည်းကစားသလို ငွေယူပြီးခွင့်ပြုပေးတာမျိုးတွေလည်းရှိတယ်။ ခြိမ်းခြောက်တာကတော့ အဓိက CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေယူတာ” ဟု ၎င်းကဆိုသည်။

ဦးဒီပါအား ရွာအနီးရှိ ၎င်း၏ဥယျာဉ်ခြံမှအပြန်တွင် ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူများအား ခြိမ်းခြောက်၊ အကျပ်ကိုင်၊ အနိုင်ကျင့်သည့် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီသတင်းပေးများအားလည်း စစ်ရေးပစ်မှတ်အဖြစ် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်များမှာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစကာ နည်းပါးလာခဲ့သော်လည်း စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လာမှုကြောင့် ရပ်/ကျေးအဖွဲ့ဝင်များ အသတ်ခံရမှုများ ရှိလာနေသည်။

ကော့သောင်းမြို့ ခမောက်ကြီးမြို့ ဝိုင်ဒင်းကျေးရွာအနီးတွင် ဧပြီလ ၃ ရက်က နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

တစ်နေ့တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံနေအိမ် ၆ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။