သင်္ဃန်းညီနောင်စစ်ဗျူဟာကို သိမ်းယူလိုက်ကြောင်း KNLA ထုတ်ပြန်၊ မြဝတီ ခလရ ၂၇၅ တပ်က လက်နက်ချရန် ညှိနှိုင်းနေဟု သတင်းထွက်

0
457

စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ရက် ညတွင် သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဗဟိုက သတင်းထုတ်ပြန်သည်။

KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ ရက်နံနက် ၈ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး မွန်းလွဲ ၁နာရီခန့်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စခန်းသိမ်းပိုက်ရာတွင် ၁၂၂ လက်နက်ကြီး နှစ်လက် ၊ ၁၂၀လက်နက်ကြီး နှစ်လက်အပါအဝင် အခြားလက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိကြောင်း ဆိုသည်။

သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇နှင့် ရဲစခန်းတို့ကို KNLAနှင့် ပူးပေါင်းတပ်တို့က မတ်လ ၇ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ခမရ ၃၅၅၊ ၃၅၆နှင့် ရဲစခန်းတို့ကို ဦးစွာသိမ်းယူနိုင်ခဲ့ပြီး ဧပြီလ ၅ရက်တွင် ခမရ ၃၅၇ ကို ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အနီးရှိ ခမရ ၂၇၅ ကို ပိတ်ဆို့ထားကာ လက်နက်ချရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်နေသလို သိမ်းယူရရှိထားပြီဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ KNLA ဘက်က အတည်ပြုထုတ်ပြန်ထားခြင်းမရှိသေးပေ။

လက်ရှိ မြဝတီမြို့တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။