ရေဖြူ၊ ညင်းထွေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

0
758
ပုံစာ - ဧပြီလ ၄ ရက် ညင်းထွေးရွာအုပ်ချုပ်ရေးမှူးနေအိမ်အနီးပစ်ခတ်မှု Photo - DDPDF

ရေဖြူမြို့နယ် ၊ ကျောက်ကညာရွာနှင့် ညင်းထွေးရွာအကြားရှိ ညင်းထွေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၂ဝ ဦးကို ဧပြီလ ၄ ရက် ညနေက ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

“ အလစ်အငိုက် ဝင်ဝိုင်းပစ်ကြတာပါ။ အုပ်ချုပ်ရေးမှူး အိမ်မှာ စစ်တပ်က ကျွန်တော်တို့(PDF)တွေရဲ့ အသွားအလာကို စောင့်ကြည့်ဖို့ လာတပ်စွဲထားတာ” ဟု သွားရောက်တိုက်ခိုက်ရာတွင်ပါဝင်သည့် DGRF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် လက်နက်ငယ်များအပြင် ၆၀ မမ လက်နက်ကြီးများလည်း အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်များဘက်က အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို DGRF ၊ DDPDF ၊ ဥဩတပ်ခွဲ (၁) နှင့် ဧဒင်မှူး တပ်ဖွဲ့ (၄) တို့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ကညာရွာနှင့် ညင်းထွေးရွာ အကြားတွင် မတ်လ ၂၆ ရက်က တစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ယခုတိုက်ခိုက်မှုမှာ ဒုတိယအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက ညင်းထွေးရွာ ပတ်ဝန်းကျင် တွင် နေ့ဘက်၌ ထင်ထင်ပေါ်ပေါ် လှုပ်ရှားခြင်းမရှိတော့ဘဲ ညဘက်တွင်ကင်းလှည့်လေ့ရှိကြောင်း ဒေသခံတို့ကဆိုသည်။

မတ်လ ၂၆ ရက်နေ့ကလည်း ရေဖြူမြို့အနီး ချည်ဆွဲကုန်းဘုရားရင်ပြင်တွင် စစ်မှုထမ်းကိစ္စအတွက် အစည်းအဝေးပြုလုပ်ရန် လုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိခဲ့သည်။