မြဝတီသို့ ပြေးဆွဲသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်းကားတစ်စီး မြစ်ဖြတ်ကူးစဥ် ရေထဲထိုးကျ၊ ကားသမားပျောက်ဆုံး

0
574

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြေးဆွဲသည့် မြို့ရွှေထားဝယ်ယာဥ်လိုင်းက ကားတစ်စီး ဘားအံမြို့နယ်၊ ဒူရိန်ရွာ၊ ဒူရိန်ဆိပ်ကမ်း တွင် မြစ်ဖြတ်ကူးစဥ် ဧပြီလ ၅ ရက် ညနေက ရေထဲထိုးကျသွားကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် အဖွဲ့ထံက သိရသည်။

ညနေ ၄နာရီဝန်းကျင်တွင် ကားရေထဲကျသွားခြင်းဖြစ်ပြီး ၆နာရီဝန်းကျင်တွင် ကယ်ဆယ်ရေး စတင်ခဲ့ကြောင်း ဘားအံ့မြို့၊ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ကားကို ည ၈နာရီလောက် ပြန်တွေ့တယ်။ ရေနစ်ရာပါသွားတဲ့ ကားသမားကိုတော့ ၁၂နာရီအထိ ရှာတာမတွေ့လို့ ကားကိုပဲ ပြန်ဆယ်တင်ပေးလိုက်တယ်။ ဒီနေ့ (ဧပြီ ၆) ကတော့ ကယ်ဆယ်ရေးလုပ်တာ မရှိဘူး။ ပြန်လည်းမတွေ့သေးဘူး” ဟု ၎င်းက ဆိုသည်။

မြစ်ဖြတ်ကူးရန် ဖောင်ပေါ်သို့ ဆင်းလာစဥ် ဘရိတ်ပေါက်ကာ ထိုးကျသွားသဖြင့် ရေနစ်ရာတွင် ကားသမားတစ်ဦးတည်း ပါသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြို့ရွှေထားဝယ် ယာဥ်လိုင်းသည် ပဲခူးတိုင်းမှ ကရင်ပြည်နယ် မြဝတီသို့ ပြေးဆွဲနေသည့် ယာဥ်လိုင်းဖြစ်သည်။