ထိုင်း ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် မြန်မာလုပ်သားများ အခန်းရှာရခက်လာ

0
564
ပုံစာ - ကော့စမွေရှိ မြန်မာအများစု နေထိုင်ရာ အခန်းတွဲများ

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းများဖြစ်သော ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် ယခုသီတင်းပတ်များ အတွင်း မြန်မာအလုပ်သမားများ နေထိုင်ရေးအတွက် အခန်းများ ရှာရခက်ခဲလာကြောင်း ကျွန်းတွင်နေထိုင်သည့် မြန်မာအလုပ်သမားများက ပြောသည်။

ခရီးသွားကျွန်းများဖြစ်ပြီး လုပ်ခလစာကောင်းမွန်သောကြောင့် မြန်မာအလုပ်သမားများ ကျွန်းသို့ အခြေချ လုပ်ကိုင်မှု များပြားလာကြောင်း စုံစမ်းသိရှိရသည်။

ယခင်နှစ်ထက် ကျွန်းပေါ်တွင် မြန်မာအလုပ်သမားများ ၂ ဆ ၃ ဆခန့်အထိ ပိုမိုများပြားလာသဖြင့် ကျွန်းပေါ်ရှိ အငှားချထားသော တိုက်ခန်းများ၊ အခန်းတွဲများနှင့် လုံးချင်းတိုက်များအပါအဝင် အားလုံးနီးပါး ပြည့်နေကြောင်း ကော့စမွေကျွန်းရှိ ထားဝယ်ဒေသခံ အလုပ်သမားတစ်ဦးက ဆိုသည်။

“အခုက အခန်းတွေ မရတော့လို့ တစ်ခန်းမှာ ၈ ယောက်လောက်အထိ ပေါင်းနေနေရတဲ့ အခြေအနေဖြစ်နေတယ်။ (မြန်မာ) နိုင်ငံထဲက ထွက်လာတဲ့ သူတွေလည်း လာတာကိုး။ အကုန်လုံး ဒုက္ခတွေ ရောက်ပြီး ထွက်လာတဲ့ အခြေအနေဆိုတော့ ဒီမှာရှိနေတဲ့သူတွေကပဲ လက်ခံပေးထားရတဲ့အခြေအနေဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ကော့စမွေကျွန်းက လမိုင်း၊ ချိုဝင် စသော နာမည်ကြီးနေရာများတွင် တိုက်ခန်းတွဲ အများအပြားရှိသော်လည်း ယခုအချိန်တွင် အားလုံးနီးပါး ပြည့်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

အခန်းခအနေဖြင့် တိုက်ခန်းတွဲများတွင် ဘတ် ၁၅၀၀ မှ ၃၅၀၀ အထိ အသီးသီးရှိပြီး လုံးချင်းအိမ်များက ဘတ် ၃၅၀၀ မှ ၅၀၀၀ အထိ အသီးသီးရှိကြကြောင်း စုံစမ်းသိရှိရသည်။

လုံးချင်းအိမ်ပိုင်ရှင်အများစုက မြန်မာအလုပ်သမားများအား အခန်းမငှားလိုကြဘဲ နိုင်ငံခြားသားနှင့် ထိုင်းနိုင်ငံသားများကိုသာ ငှားခွင့်ပြုနေသည်ကိုလည်း တွေ့မြင်နေရကြောင်း မတ်လ ၂၄ ရက်နေ့က အခန်းပတ်ရှာခဲ့သော ကော့စမွေကျွန်းက အလုပ်သမားနောက်တစ်ဦးက ပြောဆိုသည်။

“တနင်္ဂနွေတစ်နေ့လုံး အခန်းပတ်ရှာတယ်။ အခန်းတွေက ပြည့်နေတာနဲ့ ကြိုတင်ယူထားတာနဲ့ပဲ ကြုံခဲ့ရတယ်။ တစ်နေကုန်သွားပေမယ့် အခန်းမရလိုက်ဘူး။ အရင်က အဲဒီလို အခြေအနေ မရှိပါဘူး။ လုံးချင်းတွေဆို ခွန်ဖမား (မြန်မာနိုင်ငံသား) လားလို့ မေးပြီး မြန်မာလို့ဖြေလိုက်တာနဲ့ မြန်မာတွေ မငှားဘူးလို့ပြောချတာ” ဟု ၎င်းက ပြောသည်။

ကျွန်းပေါ်က စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းများတွင် လုပ်ခလစာ အနည်းဆုံး ဘတ် ၁၀၀၀၀ နှင့်အထက် အပိုဆုကြေး (Tip) ၊ ဝန်ဆောင်မှုဆုကြေးရာခိုင်နှုန်း (service charge) များပေါင်းလိုက်ပါက အနည်းဆုံး ဘတ် ၂၀၀၀၀ ခန့်ရရှိသဖြင့် စက်ရုံအလုပ်မှ မြန်မာလုပ်သားများ ပြောင်းရွှေ့လုပ်ကိုင်လာကြကြောင်း ၎င်းက ဆိုသည်။

ကော့စမွေကျွန်းနှင့် ကပ်လျပ် ကော့ဖန်းကျွန်းတွင်လည်း ယခင်နှစ်များကတည်းက မြန်မာအလုပ်သမားများအတွက် နေထိုင်ရေး အခန်းများ၊ လုံးချင်းဘန်ဂလိုများ ရှာဖွေရ ခက်ခဲလာနေကြောင်း စုံစမ်းသိရှိရသည်။

“ကော့ဖငန်းမှာလည်း မလွယ်ပါဘူး။ အခန်းတစ်ခန်း ရှာဖို့အရေးက မရနိုင်တော့ဘူး။ ဒါတောင် ရှိနေပြီးသားလူနော်။ အသစ်ဆို စဉ်းစားကြည့်ကြည့်” ဟု ကော့ဖငန်းရှိ လောင်းလုံးဒေသခံတစ်ဦးက ပြောဆိုသည်။

ယခင်နှစ်ကတည်းက ကော့ဖငန်းတွင် အခန်းရှာရခက်ခဲနေပြီး အလုပ်သမားများ လုံးချင်းဘန်ဂလိုများတွင် စုပေါင်းနေထိုင်၍ အလုပ်လုပ်ကိုင်နေကြရကြောင်း ၎င်းက ဆိုသည်။

ယခုအချိန်တွင် ကော့စမွေနှင့် ကော့ဖငန်းက အခန်းများကို လိုင်းပေါ်နှင့် နယ်မြေခံ အသိများထံက မေးမြန်းစုံစမ်းမှသာ အခန်းကြိုတင်ရရှိနိုင်မည်ဖြစ်ပြီး ဘန်ကောက်နှင့် ချင်းမိုင်မြို့များကဲ့သို့ အခန်းရှာဖွေပေးသော အကျိုးဆောင်များ မရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့ကြောင့် လုပ်အားခများ၊ ကမ်းခြေအလှများနှင့် ဆွဲဆောင်လျက်ရှိသော ကော့စမွေနှင့် ကော့ဖငန်းကျွန်းများတွင် မြန်မာအလုပ်သမားများ အလုပ်ပြောင်းရွှေ့လုပ်ကိုင်လိုပါက နေထိုင်ရေးအတွက် မိမိအသိများထံမှ အခန်းများကို ကြိုတင်ရှာဖွေပြီးမှသာ ပြောင်းရွှေ့လာသင့်ကြောင်း ကျွန်းပေါ်က မြန်မာအလုပ်သမားများက တိုက်တွန်းထားသည်။