ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ မြို့တွင်းသို့ မဝင်ကြရန် PNLA ပြော

0
453
ဓာတ်ပုံ - PNLA ပုံစာ - ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင်များ။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ မြို့တွင်းသို့ မဝင်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က မြို့တွင်းသို့ တင့်ကားများအသုံးပြုကာ ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်နေခြင်းကြောင့် အိုးအိမ်များ ပျက်စီးကြောင်း ယနေ့ မတ်လ ၂၇ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့အတွင်းသို့ ပြည်သူအချို့ အရဲစွန့်ကာ ဝင်ရောက်ရန် ကြိုးစားသဖြင့် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ထိခိုက်သေဆုံးခြင်း၊ အဆက်အသွယ် ပြတ်တောက်ပျောက်ဆုံးခြင်းတို့ ရှိနေကြောင်း ဆိုသည်။

ထို့ကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ အရဲစွန့်ကာ ဝင်ရောက်ခြင်း လုံးဝ မလုပ်သင့်ကြောင်း PNLA က တိုက်တွန်းထားသည်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်များတွင် ဇန်နဝါရီလ ၂၁ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူ ၅၃ ဦးသေဆုံးပြီး ၆၈ဦး ဒဏ်ရာရကာ ၂၀ ဦး ဖမ်းဆီးခံထားရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။