စစ်ကောင်စီလက်ထက် မြန်မာပြည်သူများ ကြောက်မက်ဖွယ်အကြမ်းဖက်မှုများခံစားနေရဟု ယူကေပြော

0
425
ပုံစာ - ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan

စစ်ကောင်စီလက်ထက်တွင် မြန်မာပြည်သူများ ကြောက်မက်ဖွယ်‌ အကြမ်းဖက်မှုများကို ရင်ဆိုင်ခံစားနေရကြောင်း ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောသည်။

စစ်ကောင်စီက ယနေ့ ကျင်းပနေသည့် ၇၉ နှစ်မြောက်တပ်မတော်နေ့တွင် မြန်မာပြည်သူများကို သတင်းစကားပါးရာ၌ ယင်းသို့ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုမတ်လ တစ်လတာအတွင်းတွင်ပင် ကလေး သုံးဦးအပါအဝင် အနည်းဆုံး ပြည်သူ ၂၀ဦး အသက်ရှုံးခဲ့ရကြောင်း ဝန်ကြီးက ဆိုသည်။

ပြည်သူ သုံးဦးလျှင် တစ်ဦးမှာ ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရန် ဖိအားပေးခံနေရပြီး ပြည်သူ ၁၈ သန်းကျော် မှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ၎င်းက ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှု စသည့် နည်းလမ်းများကို အသုံးပြုပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် နေရာများ၊ ဝတ်ပြုကိုးကွယ်ရာနေရာများကို ဖျက်ဆီးနေကြောင်း ဝန်ကြီးက ပြောသည်။

တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နေပြည်တော်လမ်းမများပေါ်တွင် စစ်ရေးပြအခမ်းအနား ကျင်းပနေသော်လည်း မြန်မာပြည်သူများမှာ နိုင်ငံတဝန်း ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အတိဒုက္ခများစွာ ခံစားနေရဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ဖိနှိပ်မှုများနှင့် နိုင်ငံတစ်ဝန်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိရန် လမ်းကြောင်းများအား ပိတ်ဆို့ထားခြင်းတို့ကို စစ်ကောင်စီက ပြုလုပ်နေကြောင်း ဆိုသည်။

ပြည်သူများ စစ်မှု မထမ်းမနေရ ကြေညာချက်အပေါ် အလွန်စိုးရိမ်ပူပန်ကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ် အင်အားပျက်ပြားစေရန် ငွေကြေး၊ လက်နက်နှင့် အထောက်အကူပြုပစ္စည်းများ လက်လှမ်းမီ ရရှိနေမှုကို လျှော့ချနိုင်ရန် ယူကေအစိုးရအနေဖြင့် စစ်ကောင်စီကို ၁၈ ကြိမ်တိုင်တိုင် အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်က မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ယူကေအစိုးရက ဆက်လက်ကြိုးပမ်းအားထုတ် ကူညီသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။