လုပ်ဆောင်ချက် ၄ ရပ်ဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် ထိုင်းကြိုးပမ်း

0
633
ပုံ - Noppadon Pattama (The Nation)

မြန်မာနိုင်ငံအရေး အကျပ်အတည်းများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် အောက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီက အချက် ၄ ချက်ပါ အဆိုပြုချက်တစ်ရပ်ကို ထိုင်းအစိုးရသို့ တင်သွင်းလိုက်သည်။

ကော်မတီသည် မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းများကို အချိန်ပြည့် စောင့်ကြည့်နေသကဲ့သို့ ပဋိပက္ခနှင့် တိုက်ပွဲများ ရပ်တန့်ရန် အားထုတ်မှု မှန်သမျှကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း Pheu Thai ပါတီ အမတ် Noppadon Pattama က ပြောသည်။

အစိုးရအနေဖြင့် မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ရန် ကော်မတီအနေဖြင့် အဆိုပြုချက် ၄ ချက်ကို တင်သွင်းခဲ့ကြောင်း ၎င်းကပြောသည်။

ပထမအချက်အနေဖြင့် ထိုင်းအစိုးရက လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ အရာရှိများ ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ထူထောင်ရန်ဖြစ်သည်။ ယင်းအဖွဲ့က မြန်မာ့အရေးနှင့် ပတ်သက်သည့် အပြောင်းအလဲများကို စောင့်ကြည့်ရန်နှင့် တုံ့ပြန်ရန်ဟုဆိုသည်။

ဒုတိယအချက်မှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အတင်းအကျပ် အသက်သွင်းပြီးနောက် ဧပြီလတွင် တိုက်ပွဲများ ပို၍ အရှိန်တက်လာနိုင်ပြီး နယ်စပ်ဒေသများတွင် စစ်ရှောင် ဒုက္ခသည် များပြားလာမည်ကို စဉ်းစား၍ အရေးပေါ် အစီအမံများ ပြင်ဆင်ထားရန်ဖြစ်သည်။

တတိယအချက်မှာ နယ်စပ်က ရွာသုံးရွာက မြန်မာစစ်ရှောင် ၁၀၀၀၀ ခန့်ကိုသာ လူသားချင်းစာနာမှု အထောက်အပံ့များ ပေးနိုင်မည့်အစား မြန်မာနိုင်ငံအတွင်းရှိ အကူအညီလိုအပ်နေသူများအားလုံးကို ကူညီထောက်ပံ့နိုင်ရေးဖြစ်သည်။

အဆိုပါအစီအစဉ်အတွက် အာဆီယံက ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ထည့်သွင်းထားသည်။

နောက်ဆုံးအချက်မှာ ‘Myanmar Troika Plus” ဟု အမည်ပေး၍ သုံးနိုင်ငံအထက် ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းကာ မြန်မာ့ငြိမ်းချမ်းရေးအတွက် တွန်းအားပေးလုပ်ဆောင်ရန်ဖြစ်သည်။ အဖွဲ့တွင် ထိုင်းနိုင်ငံအပါအဝင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် တရုတ်၊ အိန္ဒိယနိုင်ငံများ ပူးပေါင်းပါဝင်နိုင်ရေး လည်းဖော်ပြထားသည်။

ယင်းအဖွဲ့သည် အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမတ်က ပြောသည်။

လက်တလောတွင် မြန်မာနိုင်ငံအတွင်းသို့ လူသားချင်းစာနာမှုအကူအညီများ စတင်ပေးအပ်နိုင်ရေး စတင်လုပ်ဆောင်နေပြီး လာမည့် မတ်လ ၂၅ ရက်နေ့တွင် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားမှတစ်ဆင့် ထောက်ပံ့ရေးပစ္စည်းများ စတင်ဝင်ရောက်သွားမည်ဖြစ်သည်။

ယင်းအစီအစဉ်သည် ပြီးခဲ့သောလများက မြန်မာစစ်ဘေးရှောင်များကို လူသားချင်းစာနာမှုအကူအညီများ ပို့ပေးနိုင်ရန် နှစ်နိုင်ငံ ကြက်ခြေနီများဝင်ရောက်နိုင်ရေး ထိုင်းနှင့် မြန်မာစစ်ကောင်စီအပါအဝင် အာဆီယံက သဘောတူထားခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး လုပ်ဆောင်နေသည့် အဖွဲ့များကမူ စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိရန်တောင်းဆိုနေကြပြီး၊ ယင်းလုပ်ဆောင်မှုများမှာ အမှန်တကယ်အကူအညီလိုအပ်နေသော ပြည်သူများအတွက် ထိရောက်မည့် အကူအညီဟုမထင်ကြောင်း ပြောဆိုကြသည်။

Ref: Bangkok Post