မောင်မယ်ရှောင်တွင် တိုက်ပွဲဖြစ်ပြီး ရွာသားများပိတ်မိနေ

0
1164

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာတွင် ယနေ့(မတ် ၁၉) နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ပိတ်မိနေကြကြောင်း ဒေသခံ များထံမှသိရသည်။

စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် မောင်မယ်ရှောင်ရွာသို့ စစ်အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာရာမှနှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“လက်နက်ကြီးတွေနဲ့ ချည်းပစ်နေတယ် မပြောင်းဘဲရွာထဲကျန်နေတဲ့သူတွေ ပိတ်မိနေကြတယ်။ ထိုခိုက်၊ပျက်စီးမှုကတော့ အခုထိ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးပေ။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က မောင်မယ်ရှောင် ရွာအတွင်းသို့ စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သေးသည်။

ယင်းကြောင့် စစ်ရေးတင်းမာလာနိုင်၍ တစ်ရွာလုံးနီးပါး နီးစပ်ရာပြောင်းရွှေ့ နေထိုင်နေကြသော်လည်း ပြောင်းရွှေ့နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် ရွာခံအချို့ ယနေ့ တိုက်ပွဲအတွင်း ပိတ်မိနေကြခြင်းဖြစ်သည်။

မောင်မယ်ရှောင်ကျေးရွာသည် ရေး -ထားဝယ် ပြည်ထောင်စု ကားလမ်းမ ပေါ် တွင်ရှိပြီး ထားဝယ်မြို့မှ ၇ မိုင်ဝန်းကျင်ခန့်အကွာတွင်ရှိသည်။

ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ရေး-ထားဝယ် လမ်းပိုင်းတစ်နေရာ၌ တိုက်ပွဲဖြစ်နေသည်ဟုဆိုကာ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၏ နယ်ခြားဂိတ်ဖြစ်သည့် မလွဲတောင်စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ယာယီပိတ်ထားကြောင်းသိရသည်။