တိုက်ပွဲကြောင့် မြိတ်-ဘုတ်ပြင်းကားလမ်းပိတ်နေသဖြင့် လှေဖြင့်သွားလာသူများလာ

0
265
ပုံစာ - မြိတ် အမှတ် ၁ ဘောတံတား (ပုံဟောင်း)

မြိတ်-ဘုတ်ပြင်းသွားသည့် ပြည်ထောင်စုလမ်းပေါ်ရှိ ၁၀၂၀ တောင်တွင် တိုက်ပွဲများရက်ဆက်ပြင်းထန်နေသည့်အတွက် ကားလမ်းပိတ်ထားသောကြောင့် ရေလမ်းခရီးမှ စက်လှေဖြင့် သွားလာသူများပြားလာကြောင်း ခရီးသွားအချို့နှင့် စက်လှေပိုင်ရှင်အချို့ထံမှ သိရသည်။

ဧပြီလ ၃၀ရက်မှစပြီး မြိတ်-ဘုတ်ပြင်းသွား ကားလမ်းမပေါ်ရှိ ၁၀၂၀တောင်တွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကားလမ်းပိတ်နေရာ မေလ၇ရက်အထိ သွားလာ၍မရသေးကြောင်း ကုန်တင်ကား မောင်းသူအချို့က ပြောသည်။

ယင်းကဲ့သို့ ကားလမ်းပိတ်နေသည့်အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အပါအဝင် ခရီးသွားလာချိန်၌ ရေလမ်းကို အားထားအသုံးပြုလာရကြောင်း မြိတ်ဒေသခံအချို့က ဆိုသည်။

ရေလမ်းဖြင့် ခရီးသွားရာတွင် လုံခြုံစိတ်ချရသည့် ခရီးသည်တင် အမြန်ရေယာဉ်ဖြင့် ပြေးဆွဲခြင်း မဟုတ်ဘဲ စက်လှေဖြင့် သွားလာနေရသည့်အတွက် အန္တရာယ်ကျရောက်နိုင်ခြေရှိနေကြောင်း မြိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“ရေလမ်းလည်းဖြစ်တယ်၊ ညဘက်မှလည်းသွားတယ်ဆိုတော့ အန္တရာယ်အရမ်းများတယ်။ ကြားထဲ ရာသီဥတုမကောင်းရင် ရေလမ်းက လှိုင်းအရမ်းကြီးတယ်ဆိုတော့ ကြောက်ကြောက်နဲ့ သွားနေရတယ်ပေါ့” ဟု ၎င်းက ပြောသည်။

မြိတ်-ဘုတ်ပြင်း ခရီးစဉ်ပြေးဆွဲနေသည့် စက်လှေများအနေဖြင့် တစ်စီးနှင့် တစ်စီးဈေးနှုန်း မတူသော်လည်း ပျမ်းမျှအားဖြင့် လူကြီးတစ်ဦးလျှင် ကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲကျပ် ကျသင့်ကြောင်း ခရီးသွားအချို့ထံမှ သိရသည်။

ကလေးအတွက်ကိုမူ ဈေးနှုန်းတိတိကျကျ သတ်မှတ်ထားခြင်းမရှိဘဲ စက်လှေအချို့တွင် ၁၀နှစ်အောက်ကလေးများကို အခကြေးငွေမယူကြောင်းကို ခရီးသွားများထံမှ သိရသည်။

ခရီးသည်များကို ပို့ပေးနေသည့် စက်လှေပိုင်ရှင်တစ်ဦးကမူ ဒေသလိုအပ်ချက်အရ ခရီးသည်များကို တင်ဆောင်နေရပြီး မိုးဦးရာသီရောက်ပါက လှိုင်းကြီးလေ့ရှိသည့်အတွက် အန္တရာယ်များလွန်းသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ခရီးသည်မတင်ဘူးပေါ့ဗျ။ လမ်းပိတ်ပြီး ကုန်ပစ္စည်းတွေကလည်း လိုအပ်ချက်ရှိလာတာ။ သွားလာဖို့ကလည်း အခက်အခဲဖြစ်နေကြလို့ပါ။ ဖြစ်နိုင်ရင် ကားလမ်းနဲ့ပဲ သွားစေချင်တယ်” ဟု ၎င်းက ပြောသည်။

ကားလမ်းပိတ်ထားသည့်အတွက် ရေလမ်းမှ ကုန်ပစ္စည်းတင်ပို့ရာတွင်လည်း ကော့သောင်းသို့ တိုက်ရိုက်မရောက်ဘဲ ဘုတ်ပြင်းမှတစ်ဆင့် ကားဖြင့် ပြန်လည်သယ်ယူနေရကြောင်း ကုန်တင်ကားမောင်းသူအချို့ထံမှ သိရသည်။