စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ခုခံနေသည့် သရက်ချောင်း ပဲဒက်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းယူ

0
1246
ပုံစာ - ပဲဒက်စခန်းမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများ။

စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ တို့ဖြင့် ခုခံကာကွယ်နေသည့် သရက်ချောင်းမြို့နယ် ပဲဒက်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက်တွင် သိမ်းယူရရှိကြောင်း တော်လှန်ရေးအဖွဲ့များက အတည်ပြုသည်။

မေလ ၅ ရက် နံနက်မှစတင်ပြီး ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လေးရက်မြောက်နေ့တွင် ပဲဒက်စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသည့်ကာလတွင် စစ်တပ်က K8W ဂျက်ဖိုက်တာနှင့် Mi-2 ရဟတ်ယာဉ်တို့ဖြင့် ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲပြီး တိုက်ခိုက်ခဲ့သလို ပဲဝရွာ ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေး အဖွဲ့များထံမှ သိရသည်။

ယနေ့ မေလ ၈ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ထပ်မံပြု လုပ်ခဲ့ပြီး နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

“အရှင်ဖမ်းမိတဲ့ဟာတွေလည်း ရှိပါတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရရှိတာတွေလည်း ရှိပါတယ်” ဖက်ဒရယ်စစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း ၎င်းက ဆိုသည်။

ရေတပ်စစ်သင်္ဘောဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကိုမင်းထက်က ပြောဆိုသည်။

“ဒီစခန်းသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဲဒီရေတပ်သင်္ဘောဆီက ပစ်ခတ်သံတွေ မကြားရတော့ပါဘူး” ၎င်းက ဆက်လက် ပြောဆိုသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မြိတ်-ထားဝယ်-ရန်ကုန်ကား အစီးရေ ၁၀၀ ကျော် ပိတ်မိနေဆဲဖြစ်ကြောင်း ကားသမားတစ်ဦးက ပြောသည်။