ဘီးလင်း-ဖာပွန်လမ်းပေါ်က တံတားတစ်စင်း ထပ်မံမိုင်းခွဲဖျက်ဆီးခံရ

0
278

မွန်ပြည်နယ် ဘီးလင်း-ဖာပွန်လမ်းပေါ်က တံတားတစ်စင်း ထပ်မံ မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံတို့က ပြောသည်။

ဘီးလင်း-ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၂ နဲ့ ၁၆/၃ ကြား ကညင်းပင်ကွင်းရွာရှိ တံတားသည် မေ ၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် မိုင်းခွဲဖျက်ဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။

အရှည် ပေ ၈၀၊ တံတားအကျယ် ၂၄ ပေခန့်ရှိသည့် အဆိုပါတံတားသည် မိုင်းခွဲခံရမှုကြောင့် တံတားအလယ်ပိုင်း ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“တံတားက အလယ်ပိုင်းလောက်ကနေ ပြိုကျသွားတော့ ဖြတ်သန်းသွားလာလို့ မရတော့ဘူး။ ဆိုင်ကယ်တွေကအစ သွားလို့ မရတော့ဘူး” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ဘီးလင်း-ဖာပွန်ကားလမ်းပိုင်းသည် စစ်ကောင်စီတပ်များ အသုံးပြုသွားလာလေ့ရှိပြီး တံတားကိုမူ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် မိုင်းခွဲဖျက်ဆီးသွားသည်ကို တိတိကျကျ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။

မိုင်းခွဲဖျက်ဆီးခံရသည့်တံတားသည် ဘီးလင်းနှင့် ဖာပွန်မြို့နယ်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ တံတား ဖြစ်ပြီး ဒေသတွင်းပြည်သူများ စီးပွားရေး၊ လူမှုရေးကိစ္စရပ်အတွက် ဖြတ်သန်းသွားလာအသုံးပြုနေကြရသည့်တံတား ဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ဘီးလင်း-ဖာပွန်ကားလမ်း ပျဉ်သာကျေးရွာရှိ ပျဉ်သာတံတားလည်း မိုင်းခွဲ ဖျက်ဆီးခံရပြီး ပြိုကျပျက်စီးခဲ့သေးသည်။

ယခုနှစ်အတွင်း သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုးကောင်းကျေးရွာအနီးရှိ မိုးကောင်းတံတားအပါအဝင် တံတား သုံးစင်းထက်မနည်း မိုင်းခွဲဖျက်ဆီးခံထားရသည်။

၂၀၂၃ ခုနှစ်အတွင်းကလည်း သထုံနှင့် ဘီးလင်းမြို့မြို့နယ်ကြား ဆက်သွယ်ထားသည့် ကျုံအိတ်ချောင်း တံတားလည်း မိုင်းဖောက်ခွဲခံရပြီး ပြိုကျပျက်စီးသွားခဲ့သေးသည်။

သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ကားလမ်း၊ ရထားလမ်းတစ်လျှောက်တွင် မိုင်းဖောက်ခွဲခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည်။