မဲဆောက်တွင် မြန်မာလုပ်သားများကို တရားမဝင်တင်လာသည့်ကားတိမ်းမှောက်၊ ၁၂ ဦးဒဏ်ရာရ

0
267
Photo – Tak Rescue News

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီးတွင် မြန်မာနိုင်ငံသားများကို တရားမဝင် တင်ဆောင်လာသော ပစ်ကပ် ကားတစ်စီး လမ်းဘေးတိမ်းမှောက်ပြီး မြန်မာ ၁၂ ဦး ဒဏ်ရာရကြောင်း တာခ့်ခရိုင်လူမှုကယ်ဆယ်ရေးအသင်းနှင့် ထိုင်းသတင်းဌာနတို့တွင် ဖော်ပြသည်။

ကားသည် ဖို့ဖရာဒေသရှိ မဲဆောက်-အုံဖမ်းလမ်းမပေါ်တွင် မေလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်က လမ်းဘေး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၂ ဦး လိုက်ပါလာခဲ့ပြီး စစ်ဆေးဂိတ်အရောက်တွင် ကားသမားက အစစ်အဆေးမခံဘဲ ရှောင်ကွင်း မောင်းပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးခဲ့ရာ စစ်ဆေးရေးဂိတ်နှင့် ၅၀၀ မီတာခန့်အကွာတွင် လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကားပေါ် လိုက်ပါလာသော မြန်မာအမျိုးသား ရှစ်ဦးနှင့် အမျိုးသမီးလေးဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက်သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီးနောက် ဖို့ဖရာဒေသအတွင်းရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း ဖော်ပြသည်။

ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လက်ရှိဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူစေပြီးနောက် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

Ref: Siamnews, Addy Chaiyadech