လောင်းလုံး မြို့နယ်ခန်းမကိုလာသည့် စစ်ကောင်စီကားပစ်ခတ်ခံရ၊ သုံးဦးသေဆုံးဟုဆို

0
842
ပုံစာ - လောင်းလုံးမြို့နယ်ခန်းမ

လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ မြို့နယ်ခန်းမသို့လာသည့် စစ်ကောင်စီကားကို ယနေ့(မတ် ၂၂) နံနက် ၇ နာရီခန့်တွင် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့ထံမှသိရသည်။

မတ်လ ၂၇ နေ့တွင်ပြုလုပ်မည့် တပ်မတော်နေ့အခမ်းအနားအတွက် မြို့နယ်ခန်းမတွင် ပြင်ဆင်ထားသည်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မနေ့ညပိုင်းတွင် ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း မြို့ခံတို့ကဆိုသည်။

ယနေ့နံနက်ပိုင်းတွင် ဖျက်ဆီးထားသည်များကို စစ်ဆေးရန် မြို့နယ်ခန်းမသို့ ထွက်လာသည့် စစ်ကောင်စီကားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။

“(စစ်ကောင်စီဖက်က) သုံးယောက်သေသွားတယ်။ လေးယောက်ကားနဲ့လာတာ ကားသမားတစ်ယောက်ပဲလွတ်သွားတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်က မြို့တွင်းအဓိကလမ်းမကြီးကို ပိတ်ချထားပြီး ခရီးသွားများကို ဖြတ်သန်းခွင့်မပြုကြောင်း ဆိုသည်။

“စစ်နေတာက ရဲစခန်းရှေ့မှာတစ်နေရာ၊ မြို့မလက်ဖက်ရည်ဆိုင်ကျော်ကျော်နားမှာ တစ်နေရာ။ လမ်းပိတ်ထားတာ။ လမ်းမဖြတ်ခိုင်းဘူးလို့ကြားတယ်” ဟု အခြားမြို့ခံတစ်ဦးကဆိုသည်။

ယင်းကဲ့သို့ စစ်ဆေးနေသည့်အပြင် ရဲစခန်းဝင်းအတွင်းမှ မြို့အနီးဝန်းကျင်ရှိကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဒေသခံတို့ကဆိုသည်။

ပြီးခဲ့သည့်တစ်ပတ်ခန့်ကလည်း လောင်းလုံး(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ် လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်လည်းဖြစ်သည့် ဦးမင်းသိန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သေးသော်လည်း လွတ်မြောက်သွားခဲ့ကြောင်း မြို့ခံတို့ကဆိုသည်။

လောင်းလုံးမြို့တွင် စစ်ရေးငြိမ်သက်နေရာမှ အဓမ္မစစ်မှုထမ်းစေရန် စာရင်းကောက်မှုများ ပြုလုပ်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။