တနင်္သာရီအခြေစိုက် စစ်တပ်ကပစ်သည့် လက်နက်ကြီးကျည်ကြောင့် ပြင်ဝန်းရွာသားနှစ်ဦးဒဏ်ရာရ

0
619

တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် ခမရ(၅၅၆) တပ်ရင်းက ပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြင်ဝန်းရွာက ဒေသခံရွာသားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ယနေ့ (မတ် ၂၁) နံနက် ၈ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဇဝဲရွာ၊ ပြင်ဝန်းရွာနှင့် ပြင်ဝန်းရွာအနီးဝန်းကျင်မှ စစ်ဘေးရှောင်များနေသည့် နေရာအနီးကို လက်နက်ကြီးငါးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးရွှေဝင်းနှင့် ဦးဝင်းအေးဆိုသည့် အသက် ၅၅ နှစ်အရွယ် စစ်ဘေးရှောင်နေသည့် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရွာထဲက နေအိမ်တွေပျက်စီးတာလည်းရှိတယ်၊ စစ်ဘေးရှောင်တွေနေတဲ့ တဲပေါ်ကိုကျလို့ အဲ့ဒီအမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တာ၊ တဲတွေလည်း ထိခိုက်ပျက်စီးတယ်၊ တိုက်ပွဲဖြစ်တာမရှိဘူး” ဟု ၎င်းက ပြောသည်။

ခမရ ၅၅၆ တပ်ရင်းမှာ ပြင်ဝန်းရွာနှင့် တမိုင်ခန့်သာဝေးသည်ဟု ၎င်းက ပြောသည်။