ထိုင်းရဲချုပ်နှင့် ဒုရဲချုပ်ကို ယာယီဌာနပြောင်းရွှေ့

0
553
ပုံစာ - ရဲချုပ်နှင့် ဒုရဲချုပ်နှစ်ဦး သတင်စာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (The Nation Thailand)

ထိုင်းနိုင်ငံ အဆင့်မြင့်ရာထူးများဖြစ်သည့် ရဲချုပ်နှင့် ဒုတိယရဲချုပ်နှစ်ဦးကို ဝန်ကြီးချုပ်ရုံးရှိ မထင်မရှားနေရာများသို့ ရက် ၆၀ ပြောင်းရွှေ့ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးကို ငွေကြေးခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စွပ်စွဲထားမှုကို စစ်ဆေးနေခြင်းဖြစ်သည်။

ထိုင်းတော်ဝင် ရဲတပ်ဖွဲ့များကြား အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ရဲချုပ်နှင့် ဒုရဲချုပ်နှစ်ဦးကို ဝန်ကြီးချုပ် စေထာထဝီဆင်က မတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပြီးနောက် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ပြောင်းရွှေ့ခံရသူ ရဲချုပ်မှာ “Big Tor” ဟုခေါ်သည် တော်စပ်စူဝီမွန်နှင့် ဒုတိယရဲချုပ် “Big Joke” ဟုခေါ်သည့် စူရာချက် ထန်ဖန်တို့နှစ်ဦးဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည် ဝန်ကြီးချုပ်ရုံးရှိ အလုပ်များကို ကူညီနိုင်ရန် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူးက အတည်ပြုထားသည်။

ရဲချုပ်နေရာတွင် “Big Tai” ဟုခေါ်သည့် ကစ်တီရက် ဖန်ဖက်က ရက် ၆၀ ကာလ ယာယီတာဝန်ပေးအပ်သွားမည်ဖြစ်သည်။

ရဲချုပ်နှင့် ဒုတိယရဲချုပ်များကို ပြောင်းရွှေ့ခြင်းက မလွယ်ကူကြောင်းနှင့် ၎င်းတို့အပေါ် စွဲဆိုချက်များကို စုံစမ်းစစ်ဆေးနေသည့်ကာလတွင် အနှောက်အယှက်မဖြစ်စေရန်အတွက် ပြောင်းရွှေ့ထားဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

၎င်းတို့နှစ်ဦးကလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး စုံစမ်းစစ်ဆေးမှုများတွင် ဝင်ရောက် စွက်ဖက်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

ဒုရဲချုပ်ဘက်က အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။

Ref: The Nation Thailand