ရေး-ထားဝယ်လမ်းပေါ်ရှိ ကလိန်အောင်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်

0
721
ပုံစာ - ကလိန်အောင်တံတား(ပုံအဟောင်း)

ရေး- ထားဝယ်ကားလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ ကလိန်အောင်အနီးရှိ လော့သိုင်းရွာနှင့်ကျွဲတလင်းရွာ ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(မတ် ၂၉) မွန်းလွဲ ၃ နာရီဝန်းကျင်တွင် လေယာဥ်ဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“လေယာဥ်အပေါ်ကနေလာပစ်တာ ။ အောက်ကလည်း ပြန်ပစ်နေကြတယ် ” ဟု ဒေသခံတစ်ဦးကပြောပြသည်။

ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။

လေကြောင်းပစ်ခတ်မှုမပြုလုပ်မီ ယနေ့မနက်ပိုင်းမှစပြီး စစ်ကောင်စီက မလွှဲတောင်ဂိတ်ကို ပိတ်ထားကြောင်း၊ နေ့လယ်ပိုင်းတွင် ကလိန်အောင်တံတားကြီးကိုလည်း ပိတ်ချလိုက်ကြောင်း ပိတ်မိနေသည့် ယာဥ်မောင်းတစ်ဦးကပြောသည်။

ယနေ့မနက်ပိုင်း မလွှဲတောင်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားလာနေကြသည်ကိုလည်း မြင်ရကြောင်း ကလိန်အောင်မြို့ခံ ကားသမားတစ်ဦးကပြောသည်။

မတ်လ ၁၉ ရက်ကလည်း ရေး-ထားဝယ်လမ်းပိုင်းတွင် မွန်နှင့်တနင်္သါရီ တော်လှန်ရေး အင်အားစုများ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်စဥ် မလွှဲတောင်ဂိတ်ပိတ်ချခဲ့ပြီး စစ်ကောင်စီ ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက်ကင်းထောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ထားသည်။