စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ပစ်ခတ်မှုကြောင့် ဂျိုင်းမြစ်ဒေသက ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးရ

0
452

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသတွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် တိုက်ခိုက် နေခြင်းကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရပြီး အတိဒုက္ခရောက်နေကြရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်သည်။

ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ခဲ့ခြင်းကြောင့် မတ်လ ၂၇ ရက် နေ့က ကျိုက်မရော မြို့နယ်၊ ဓမ္မသကျေးရွာတွင် လူနေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဖော်ပြသည်။

ကော့ဘိန်းနယ်မြေရဲစခန်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကော့ဘိန်းကျေးရွာနှင့် အနီးနားတဝိုက်ရှိ ကော့ပေါက်၊ ဓမ္မသ၊ တရနာကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် နေ့ရော၊ ညပါ ဆက်တိုက်ပစ်ခတ်နေသည့်အပြင် ရေတပ်သင်္ဘောကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

ထိုသို့ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အပြင် ရေတပ်သင်္ဘောမှလည်း လက်နက်ကြီးဖြင့်

ပစ်ခတ် နေခြင်းကြောင့် ဒေသတွင်းက ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြပြီး အများစုသည် မွန် လူမျိုးများဖြစ်ကြောင်း MSFC က ဆိုသည်။

“ရွာမှာ ပိတ်မိနေတဲ့လူတွေလည်း ရှိနေတယ်။ သူတို့ကို ကယ်ထုတ်ဖို့ကလည်း (စစ်ကောင်စီတပ်က) ဆက်တိုက် ပစ်နေတော့ ခေါ်ထုတ်လို့မရဘူး။ နောက်ပြီးတော့ ပြေးဖို့ကလည်း လမ်းတွေ အကုန်ပိတ်ထားတော့ ရေလမ်းတစ်ခုပဲ သွားလာလို့ရတယ်။ အခုက ပြည်သူတွေ တော်တော်ဒုက္ခရောက်ရတယ်” ဟု ဒေသခံများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အစည်းတွေကို လက်တုံ့ပြန်သည့်အနေဖြင့် ယခုလို ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်သည်ဟုလည်း MSFC ဆိုသည်။

ပြည်သူကို ရန်ရှာသည့် လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်းလည်း MSFC က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒုက္ခရောက်ရှိကာ အိုးအိမ်မဲ့သည့် ပြည်သူများကို ပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့က လူသားချင်း စာနာမှုအကူအညီပေးအပ်ကြရန်လည်း မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းထားသည်။

လက်ရှိတွင် ကော့ဘိန်းကျေးရွာဘက်တွင် တော်လှန်ရေးပူးပေါင်းတပ်တို့ နေရာယူထားပြီး တရနာကျေးရွာဘက်တွင် စစ်ကောင်စီတပ်တို့ ဝင်ရောက်တပ်စွဲလှုပ်ရှားနေသည့်အတွက် ဒေသတွင်း အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒေသခံတို့က သုံးသပ်ပြောဆိုသည်။