သံဖြူဇရပ်တွင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

0
445

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာမှ လူငယ် ၇ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ဝါခရုကျေးရွာနေ အသက် ၂၀ အရွယ် မောင်ခန့်မင်းသူကို PDF အတွက် အလှူခံပြီး လစဉ်ထောက်ပံ့နေသည်ဆိုကာ စစ်ကောင်စီတပ်ဖွဲ့တို့က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့သည်။

ယင်းနောက် မောင်ခန့်မင်းထံ အလှူငွေများ ထည့်ဝင်ခဲ့၍ဟုဆိုကာ မတ် ၂၇ ရက်နေ့ ညက စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝါခရုကျေးရွာအလယ်ပိုင်းနေ လူငယ် ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။

ယင်းနောက် သံဖြူဇရပ်မြို့ခံတစ်ဦးကိုလည်း မတ်လ ၂၈ ရက်နေ့က ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“တစ်ယောက်ကို ဖမ်းမိရာကနေ ဆက်စပ်တဲ့လူကို ထပ်ဖမ်းတာ။ ဟိုတခါ သံဖြူဇရပ်မှာဖြစ်သွားသလိုပေါ့ ဆက်စပ်တယ်ဆိုပြီး ဆက်တိုက်ကို ဖမ်းသွားတာ။ အကုန်ပါသွားတယ်။ အခုလည်း အဲလိုပဲ။ တခြားလူတွေလည်း သတိထားဖို့လိုတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် နီးစပ်သူများ၏အဆိုအရ လက်ရှိတွင် ဖမ်းဆီးခံထားရသည့် လူငယ်များကို စစ်ကြောရေးတွင် စစ်ဆေးနေပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့်အရေးယူသွားရန်ရှိနေသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကလည်း သံဖြူဇရပ်မြို့ခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရပြီးနောက် PDF နှင့် ဆက်စပ်သည်ဆိုကာ မြို့ခံ စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများအနက်မှ ၂၀ ဦးထက်မနည်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး အချို့ကိုလည်း ဆက်လက်ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ အာ ဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် အရပ်သားပြည်သူ ၁၀၀၀ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။