တော်လှန်ရေးအဖွဲ့များက မွန်ပြည်နယ်ရှိ စစ်ကောင်စီစခန်းနှင့်ဂိတ်များကို ဆက်တိုက်တိုက်ခိုက်

0
1452

မွန်ပြည်နယ်၊ ကျိုက်ထို၊ သထုံနှင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို တော်လှန်ရေးပူးပေါင်းအင်အားစုတို့က ယခုရက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် ရော်ဘာအစေးခြစ်နေသည့်ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တို့ကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။

ယင်းသို့ပင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ ၆၁ နှင့် စကခ ၁၉ တပ်ရင်းတို့ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း မြို့ခံတို့ထံမှ သိရသည်။

“ထွေအုပ်ရုံး တိုက်ခိုက်ခံရမှုမှာ လူထိခိုက်တာတွေတော့ မကြားမိဘူး။ သိသလောက်က ရုံအဆောက်အဦး ထိခိုက်ပျက်စီးသွားတာတော့ရှိတယ်။ အခုတလော ရေးဘက်မှာက နေ့တိုင်းလိုလိုပဲ သေနတ်သံ၊ ဗုံးသံတွေက ကြားနေရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ရင်း၊ ဂိတ်စခန်းများတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ဘက်က ပြောဆိုသော်လည်း ယင်းအခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထိုကဲ့သို့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများ၊ ဂိတ်များတိုက်ခိုက်ခံနေရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့်ကျေးရွာများအတွင်း ပစ်ခတ်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညကပင် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၆ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင်း ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်တွင် စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အရပ်သား ၁၀၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး အများစုသည် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု လဂွန်းအိမ်စာစဉ်က ကောက်ယူရရှိထားသည့်အချက်အလက်များအရ သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၇၀၀၀၀ ကျော်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။