ဘန်ကောက်လုပ်ငန်းခွင်တွင် လက်ညှိုးတစ်ချောင်း ဆုံးရှုံးသွားသော မြန်မာလုပ်သား နစ်နာကြေး ဘတ် ၂ သိန်းခွဲခန့်ရ

0
854

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ရင်း မတော်တဆ လက်ညှိုးတစ်ချောင်း ဆုံးရှုံးခဲ့ရသော မြန်မာအလုပ်သမားတစ်ဦးသည် နစ်နာကြေး ဘတ် ၂ သိန်းခွဲခန့်ကို ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

အသက် ၃၀ ဝန်းကျင် မရီရီခင် အမည်ရှိ မြန်မာအလုပ်သမားသည် ဘန်ကောက်မြို့ အေကချိုင်လမ်း၊ ၇၆ လမ်း ရှိ ဖန်စီပစ္စည်းပြုလုပ်သော စက်ရုံတွင် လုပ်ကိုင်နေစဉ် ပြီးခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလက မတော်တဆ ထိခိုက်မိခဲ့သဖြင့် လက်ခလယ်တစ်ချောင်း ဆုံးရှုံးသွားခဲ့ရကြောင်း အဖွဲ့ထံမှ သိရသည်။

မော်တာစက်တွင် မိန်းကလေးသုံး Fancy ပစ္စည်းများကို အချောတိုက်နေချိန် လက်အိတ်နှင့် ငြိပါသွားသဖြင့် လက်ခလယ်တစ်ချောင်း ဆုံးရှုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်ဖြစ်ချင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လက်ကို ပြန်ဆက်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဆယ်ရက်ကျော်အကြာတွင် လက်ညှိုးတစ်ချောင်းလုံးကို ဖြတ်ထုတ်လိုက်ရကြောင်း MHAC အဖွဲ့ထံမှ သိရသည်။

MHAC အဖွဲ့သည် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အခြေစိုက်ပြီး မြန်မာအလုပ်သမားများအရေးအတွက် ကူညီဖြေရှင်းပေးနေသော အဖွဲ့ဖြစ်သည်။

ဆေးဝါးကုသမှုခံယူပြီးနောက် နစ်နာကြေးရရှိဖို့ ကူညီပေးပါရန် MHAC အဖွဲ့အား အကူအညီတောင်းခံခဲ့ပြီး သုံးလအကြာတွင် နစ်နာကြေး ဘတ် ၂၄၃,၆၇၂ ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရရှိခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ခံ ကိုရဲမင်း က ပြောသည်။

“ဥပဒေအတိုင်း အဆင့်ဆင့် ထိုက်သင့်တဲ့ နစ်နာကြေးရအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်။ ရရှိတဲ့ နစ်နာကြေးက ပကန်စံခွန်နဲ့ ဆရာဝန်ပေါ် မူတည်သေးတယ်။ ထိခိုက်မှုက ဘယ်လောက်အထိ နစ်နာမှုဖြစ်စေသလဲအပေါ်မူတည်ပြီးတော့ သူဘယ်သန် ညာသန်ပေါ်မူတည်ပြီး နစ်နာကြေးရရှိတာပေါ့” ဟု ၎င်းကဆိုသည်။

အလုပ်ရှင်သူဌေးက မြန်မာအလုပ်သမားကို ကုသမှုစရိတ်ပေးခဲ့သော်လည်း ထိုက်သင့်သော နစ်နာကြေးပေးဆောင်ခဲ့ခြင်းမရှိသဖြင့် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) မှ နစ်နာကြေးရရှိအောင် ဆောက်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် ထိခိုက်မှုတစ်ခုခုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားလျှင်ဖြစ်စေ အသက်သေဆုံးသွားသည်ဖြစ်စေ စသော အလုပ်သမားအခွင့်အရေးများအတွက် နစ်နာကြေးရရှိရန်အတွက် MHAC အဖွဲ့များကဲ့သို့ နီးစပ်ရာ မြန်မာအလုပ်သမားအဖွဲ့အစည်းများကို ကူညီတောင်းခံရမည်ဖြစ်ကြောင်း ယင်းအဖွဲ့က တိုက်တွန်းထားသည်။