ထားဝယ် ထုတ်လုပ်သူစျေးကွက်တွင် ဓနိဖက် တစ်ထောင် တစ်သိန်းလေးသောင်းကျပ်အထိဖြစ်လာ

0
1405

ထားဝယ်တွင် ယခုနှစ် အိမ်အမိုး ဓနိဖက် ထုတ် လုပ်သူ စျေးကွက်တွင် ဖက်တစ်ထောင် တစ်သိန်းလေးသောင်းကျပ်အထိဖြစ်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် နှစ်က ဓနိဖက် တစ်ထောင်ကို တစ်သိန်းနှစ်သောင်း ကျပ်သာရှိခဲ့သည်။

လုပ်သားရှားပါး​သောကြောင့် လုပ်အားခ စျေးတက်မှုအပြင် ကုန်ကြမ်းပစ္စည်းစျေးတက်ခြင်းတို့ကြောင့် ယခင်နှစ်ကထက် ဓနိဖက် တစ်ထောင် ကျပ်နှစ်သောင်းခန့်စျေးတက်လာခြင်းလည်း ဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယခုနှစ် ဓနိဖက် တစ်ထောင် ထုတ်လုပ်မှု စရိတ်မှာ ဖက်ထိုးခ ၂၅၀၀၀ ကျပ်၊ ဖက်တံတစ်စည်း ၁၃၀၀၀ ကျပ်အထိဖြစ်လာကြောင်း ဓနိဖက်ထုတ်လုပ်သူများထံမှ သိရသည်။

ယခင်နှစ်က ဖက်ထိုးခမှာ ၂၀၀၀၀ ကျပ်၊ ဖက်တံတစ်စည်း ၇၀၀၀ ကျပ်သာရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဓနိဖက် ထိုးတဲ့သူက အရင်ကလို မရှိတော့ဘူး” ဟု လောင်းလုံးမြို့နယ် ပန်းဒလဲရွာသူ တစ်ဦးက ပြောသည်။

ဖက်တစ်ထောင်လျှင် တစ်သိန်းလေးသောင်းကျပ် စျေးနှုန်းမှာ ဓနိလုပ်ငန်းရှင်များထံတွင် သွားဝယ်ရသည့် ကနဦးစျေးဖြစ်သည်။

တစ်ဆင့်ခံ ရောင်းချသည့်စျေးကွက်များတွင် ဒေသအလိုက် ဖက်တစ်ထောင်လျှင် ငွေကျပ် နှစ်သိန်းမှ နှစ်သိန်းကျော် အထိ စျေးပေါက်နေကြောင်း စုံစမ်းသိရသည်။

ယင်းအပြင် ဓနိဖက် အရွယ်အစားအလိုက်လည်း စျေးနှုန်းအနည်းငယ် ကွာခြားမှုရှိသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က ထားဝယ်တွင် ဓနိဖက် တစ်ထောင်မှာ ကျပ်ကိုးသောင်းခန့်သာရှိရာမှ သုံးနှစ်အတွင်း ဖက်တစ်ထောင် ငါးသောင်းကျပ် စျေးတက်သွားခြင်းလည်းဖြစ်သည်။

တစ်နှစ်ထက်တစ်နှစ် စျေးပိုတက်လာသော်လည်း ထုတ်လုပ်သူများအတွက် အမြတ်မကျန်ကြောင်း ဖက်ခုတ်ရောင်းသူ ဒေသခံတစ်ဦးက ပြောသည်။

ဖက်တစ်ထောင် ကိုယ်တိုင် ခုတ်ရောင်းပါက ထုတ်လုပ်သူအတွက် ငွေကျပ် ခုနှစ်သောင်းခန့် ကျန်နိုင်သော်လည်း ကိုယ်တိုင်မလုပ်နိုင်ပါက ငွေကျပ် နှစ်သောင်းခန့်သာကျန်တော့ကြောင်း ၎င်းက ဆိုသည်။

“လုပ်သာလုပ်ပေမယ့် တွက်ခြေမကိုက်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်ဒေသတွင် မိုးမကျမီ အိမ်မိုးရန် ဓနိဖက်များကို စုဆောင်းလေ့ရှိပြီး အိမ်မိုးရာသီတွင် ဓနိဖက် စျေးတက်လေ့ရှိသည်။

ထားဝယ်ဒေသတွင် ဓနိလုပ်ငန်းကို လောင်းလုံး၊ သရက်ချောင်း မြို့နယ်များတွင် အများဆုံး လုပ်ကိုင်ကြသည်။

ဒေသခံများသည် ဓနိပင်မှရသည့် ဓနိပန်းပွင့် ယို၊ ပအုန်းရည်၊ ဓနိသကြားတို့ကိုလည်း စားဝတ်နေရေးအတွက် ထုတ်လုပ် ရောင်းချကြသည်။