တနင်္သာရီမြို့နယ် ဘန်လောအရှေ့ရွာတိုက်ပွဲတွင် စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
1772

တနင်္သာရီမြို့နယ်၊ ဘန်လောအရှေ့ရွာ တိုက်ပွဲ‌ သုံးရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ထံမှ သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြိတ်မြို့ဘက်မှလာသည့် Mi – 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ဘန်လောအရှေ့ရွာတွင် ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး အပြန်တွင် ကျွန်းစုမြို့နယ် မင်းဂုတ်ရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုးက ပြောသည်။

“ဘန်လောမှာ ၉ လုံး ၊ မင်းဂုတ်မှာ ၆ လုံး၊ ဗုံးက ဥယျာဉ်တွေထဲကျတယ်။ အထိအခိုက်မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

ဒေသခံများမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကတည်းက တိမ်းရှောင်နေကြပြီး ဗုံးလာကြဲမှုကြောင့် ဒေသခံများ အထိမှုရှိသည်ဟု မကြားရသေးကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်ခရိုင် တပ်ရင်း (၂) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၁) တို့သည် စစ်ကောင်စီတပ်နှင့် ဘန်လောရွာ အရှေ့ကမ်းရွာနှင့် ခ‌မရ ၅၆၁ တပ်ရင်းအကြားတွင် ဇန်နဝါရီလ ၃၁ ရက်မှစတင်ကာ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးခန့် သေဆုံးပြီး ပူးပေါင်းတပ်များဘက်က ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိထားသည့် ရဲဘော်များ ရှိကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုးက ပြောဆိုသည်။

“တိုက်ပွဲကမပြီးသေးဘူး ဆိုတော့ တိတိကျကျပြောမရသေးဘူး” ဟု ရဲဘော်ကိုးက ပြောသည်။

မြိတ်ခရိုင်တပ်ရင်း (၂) နှင့် ပူးပေါင်းစစ်ကြောင်း (၁) သည် ပြီးခဲ့သည့် ဇန်နဝါရီလ၂၇ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ဘန်လော အရှေ့ကမ်းရွာအနီး ၆ မိုင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ခဲ့သေးသည်။

နှစ်နာရီ နီးပါးကြာ ပစ်ခတ်မှုဖြစ်သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကာ ပူးပေါင်း စစ်ကြောင်း (၁) က ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) က ဇန်နဝါရီ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) သည် မြိတ်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၁)၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF) နှင့် မြိတ်မြို့နယ် (ပကဖ) တို့ပါဝင်ပါသည်။

စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းတွင် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ပုလောမြို့နယ် မီးလောင်ချောင်းတိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်ကျဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့သည်။