အသံတိတ်သပိတ်နေ့ ဆိုင်ပိတ်သည့် ထားဝယ်က ရွှေဆိုင်နှင့် ကုန်စုံဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက ခံဝန်ထိုးခိုင်း

0
2933

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အသံတိတ်သပိတ်ပြုလုပ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆိုင်ပိတ်ထားသော ထားဝယ်မြို့က ရွှေဆိုင်ပိုင်ရှင်အချို့နှင့် ကုန်စုံဆိုင်ရှင်အချို့ကို စစ်ကောင်စီက ခံဝန်ထိုးခိုင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ထားဝယ်စည်ပင်သာယာဈေးကြီးရှိ ဆိုင်ပိတ်ထားသည့် ရွှေဆိုင်တစ်ဆယ်ကျော်နှင့် အနီးဝန်းကျင်ရှိ ကုန်စုံဆိုင်ရှင်အချို့ကို ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် စစ်ကောင်စီက ခေါ်ယူပြီး ခံဝန်ထိုးခိုင်းသည်ဟု သိရကြောင်း ဈေးနှင့် နီးစပ်သူများက ဆိုသည်။

မြို့နယ်ထွေအုပ်ရုံးသို့ ဆင့်ခေါ်ကာ စစ်ကောင်စီအရာရှိ ၆ ဦးက ဆိုင်ရှင်တစ်ဦးချင်းကို အမှုစစ်သကဲ့သို့ စစ်ဆေးပြီးနောက် ခံဝန်ထိုးခိုင်းသည်ဟုသိရကြောင်း ဈေးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ကိုယ့်ဆိုင်ကို ဖွင့်ချင်ဖွင့်မယ် ပိတ်ချင်ပိတ်မယ်လေ။ အဲဒါကို ပြစ်မှုကြီးလုပ်သလို အရာရှိခြောက်ယောက်က ထိုင်ပြီး စစ်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ပိတ်ထားသည့် ဆိုင်ပိုင်ရှင်များကို ခံဝန်ထိုးခိုင်းသလို ဆိုင်ရှင်အချို့ကို ဒဏ်ငွေပေးဆောင်ခိုင်းသည်ဟု သိရကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။

ဒဏ်ကြေးပေးဆောင်ရသည့်ကိစ္စနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း အသံတိတ်သပိတ်နေ့ ဆိုင်ပိတ်သည့် ထားဝယ်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် အပါအဝင် အခြားဆိုင်များကို ဖမ်းဆီးရန် လှုံ့ဆော်မှုများရှိခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုကို အာဏာသိမ်းမှု ၃ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ရာ မြို့အသီးသီးရှိ လမ်းမများပေါ်တွင် လူသူကင်းမဲ့နေခဲ့သည်။