ရေးတွင် မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်သတ်ခံရ

0
1118

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၂၄) နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်လိုက်သည်။

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ခဲ့သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်ချခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခဲ့သည်။

ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မွန်ငြိမ်ချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ နိုင်စိုးသူအပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး စီးနင်းလာသည့်ကားကို ရေးဘီလူးအဖွဲ့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးစလုံး သေဆုံးသွားခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အာယုတောင်နှင့် စုံနံ့သာကျေးရွာကြားရှိ ခံသင်းတံတားဂိတ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

“ပစ်ခတ်ခံရတာက စုံနံ့သာရွာ ဘောလုံးကွင်းအနီးမှာ ဟိုဘက်က စောင့်ပြီး ပစ်တာ၊ ၃ ဦးစလုံးသေသွားတယ်။ သူတို့က ခံသင်းတံတားမှာ ရှိနေတဲ့လူတွေ” ဟုဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ AK သေနတ်နှစ်လက်နှင့် ၄၀ မမ တစ်လက် သိမ်းဆည်းရမိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။