ကံပေါက်ဒေသတွင် နေအိမ်ငါးလုံးထက်မနည်းရှာဖွေခံရပြီး ဒေသခံလေးဦးဖမ်းဆီးခံရ

0
1076
ပုံစာ - မိကျောင်းအိုင်လမ်းမတန်းရပ်ကွက် ယခုနှစ်ဆန်းပိုင်းမြင်တွေ့ရစဥ်။

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ ရပ်ကွက်နှစ်ခုတွင် နေအိမ် ငါးလုံးထက်မနည်းကို မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ ဝင်ရောက်ရှာဖွေခဲ့ပြီး ဒေသခံလေးဦး ဖမ်းဆီးခံရကြောင်း ရွာသားများက ပြောသည်။

ဇန်နဝါရီလ ၂၃ ရက် သန်းခေါင်ယံချိန်က မြသီတာရပ်ကွက်နှင့် မိကျောင်းအိုင်ရပ်ကွက်တို့ကို ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မိကျောင်းအိုင်ရပ်ကွက်ရှိ လမ်းမတန်းရပ်ကွက်ခွဲတွင်နေထိုင်သည့် အလှပြုပြင်ရေးနှင့် မင်္ဂလာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် သည့် ကိုတိုးတိုးအောင်နှင့် မထိုက်ထိုက်ဇင်မင်းတို့ ဇနီးမောင်နှံနှစ်ဦးနှင့် မိကျောင်းအိုင်ရပ်ကွက်တွင် နေထိုင်သည့် ဦးကိုကိုဦးနှင့် ဇနီးတို့နှစ်ဦး စုစုပေါင်းလေးဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

“အိမ်ကို အရင်ဝင်ဝိုင်းလိုက်တယ်။ ပစ္စည်းတွေကို ရှာဖွေတာတော့ မဟုတ်ဘူး။ မိနစ် ၃၀လောက်မေးမြန်းပြီးမှ ဦးကိုကိုဦးရဲ့ ဇနီးကို ခေါ်သွားမယ်ဆိုပြီးပြောလို့ ဦးကိုကိုဦးက လိုက်သွားတယ်။ အိမ်မှာရှိတဲ့ဖုန်းတွေတော့ အကုန်ယူသွားတယ်။ ကလေး ကြည့်တဲ့ ဖုန်းတောင်မကျန်ဘူး” ဟု ဦးကိုကိုဦးနှင့်ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

ကိုတိုးတိုးအောင်တို့ ဇနီးမောင်နှံ ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

“ကိုတိုး (ကိုတိုးတိုးအောင်) တို့ လင်မယား အဖမ်းခံရတာတော့ သိတယ်။ ကျန်တာတော့ ဘာမှဆက်မသိရသေးဘူး” ဟု အဆိုပါမိတ်ဆွေက ပြောသည်။

အထက်ပါ ဒေသခံလေးဦးတို့ကို မည်သည့်အကြောင်းအရင်းကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

ဇန်နဝါရီလ ၂၄ ရက်ညအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း နီးစပ်သည့် မိတ်ဆွေတို့က ဆိုသည်။

ဇန်နဝါရီလ ၂၃ ရက် ညသန်းခေါင်ယံအချိန်တွင် မောရဝတီရေတပ်က စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သည် မြသီတာ ရပ်ကွက်ရှိ နေအိမ်နှစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့သော်လည်း အဖမ်းခံရသူမရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယမန်နှစ်ကုန်ပိုင်းက မောရဝတီရေတပ် ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် ဖမ်းဆီးခံထားရသည့် ဒေသခံ ၇ဦးလည်း ပြန်မလွတ်လာသေးဘဲ တစ်လကျော်ကြာသည်အထိ မိသားစုနှင့်တွေ့ခွင့်မရသေးကြောင်း ကာယကံရှင်မိသားစုဝင်များထံက သိရသည်။