လွန်ဆန်နိုင်သူ ကိုယ်ဖြစ်ရစေ

0
1088

ထောင်ကနေ လွတ်ချင်စိိတ်နဲ့ မကျေမနပ်နဲ့ စုပ်တသပ်သပ်လုပ်နေတဲ့ အကျဉ်းသားတစ်ယောက်ရှိပါတယ်။ ဘာအမှုနဲ့ပဲ ထောင်ထဲကို ရောက်လာရောက်လာ လူတိုင်းကတော့ အပြင်ကမ္ဘာ၊ အပြင်လောကကို လွမ်းနေတတ်ကြသူချည်းပါပဲ။ အမြန်ဆုံး လွတ်မြောက်ဖို့လည်း ဆုတွေတောင်းကြ၊ မျှော်လင့်ချက်တွေ ထားကြနဲ့ပေါ့။

အဲဒီလူရဲ့ ထောင်ကလွတ်ချင်တဲ့ဆန္ဒကတော့ တခြားသူတွေနဲ့ တူမနေပါဘူး။ အမြဲတမ်းပဲ “အခုလိုအချိန်ကာလမျိုးမှာ” ဆိုတာကို ထည့်ထည့်ပြီး ပြောပါတယ်။ “အခုနေများ လွတ်လို့ကတော့ကွာ”၊ “ဒီလိုအချိန်များမှာများ အပြင်မှာ ရှိလို့ကတော့ကွာ” ဆိုပြီး ပြောတတ်ပါတယ်။ သူဟာ ဆေးမှုနဲ့ ထောင်နှစ် ၂၀ ကျခံနေရသူပါ။

ဘာဖြစ်လို့ အဲဒီလို ပြောပြောနေတာလဲဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ဆွံ့အသွားရပါတယ်။ အဲဒီလူရဲ့ ဆန္ဒဟာ တကယ့်ကို ထိတ်လန့်ကြောက်မက်ဖွယ်၊ ရွံရှာစက်ဆုပ်ဖွယ်ပါပဲ။ သူ လူမသတ်ဖူးသေးလို့ပါတဲ့။

အပြင်လောကမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာတွေကို ထောင်ထဲကလူတွေလည်း သိတန်သလောက် သိနေကြပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တယ်၊ လူထုက ဆန္ဒတွေ ပြကြတယ်၊ အဲဒါကို မညှာမတာဖြိုခွင်းတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးကြီး ပေါ်ပေါက်လာပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြတယ်။ တစ်ဖက်ကလည်း ရက်ရက်စက်စက်ပဲ တန်ပြန်နှိမ်နင်းနေပြီး ရွာတွေ၊ မြို့တွေမှာ ဥပဒေစိုးမိုးမှုတွေ လျော့ရဲပျက်ပြားနေတယ်။

အဲဒီလူဟာ ဒေသတွင်းမှာ မူးယစ်ဆေး အကြီးအကျယ်ရောင်းချပြီး ကြီးပွားချမ်းသာခဲ့သူဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်ရဲ့ မူးယစ်ဆေးနှိမ်နင်းရေးအစီအစဉ်နဲ့ ထောင်ထဲကို ရောက်နေတာ သုံးလေးနှစ်လောက်ရှိနေပါပြီ။ အခုအခြေအနေတွေဟာ အဲဒီလူအတွက် လုပ်စားကိုင်စားဖို့ အခွင့်အခါကောင်းတွေပါပဲ။ ဒါ့အပြင် သူ့ရဲ့ အတွေ့အကြုံသစ်ကို မြည်းစမ်းကြည့်ဖို့လည်း သိပ်ကို လွယ်ကူနေခဲ့ အချိန်အခါမဟုတ်လား။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလိုပါပဲ။

အဲဒီဟာကို ကြားလိုက်ပြီးတဲ့နောက်မှာတော့ ကျနော်ဟာ အကြောင်းအရာတစ်ခုတည်းကိုပဲ နေ့ပေါင်းများစွာ တွေးတောနေမိပါတော့တယ်။ လူတွေဟာ အခွင့်အခါပေးရင် ဒါမှမဟုတ် အခြေအနေတွေက ခွင့်ပြုထားရင် အဆိုးရွားဆုံး အကြမ်းဖက်မှုကိုတောင်မှ ကျူးလွန်လိုသူတွေလားဆိုတာပါပဲ။

ကျနော်တို့ရဲ့ မြန်မာ့လူ့အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ကမ္ဘာ့လူ့အဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့။ ပင်ကိုယ်စိတ်အခံထဲမှာ အဲဒီဆန္ဒတွေ ကိန်းအောင်းနေကြတဲ့ လူအမျိုးအစားတွေ ဘယ်လောက် ရာခိုင်နှုန်းတောင် ရှိနေပါမလဲ။

သုတေသနပြုစမ်းသပ်ချက်တစ်ခုကလည်း ကျနော့်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု ကြီးသွားစေပါတယ်။ ဆရာတစ်ယောက်ဟာ စမ်းသပ်မှုတစ်ခုလုပ်ပါတယ်။ ဒီအတွက် သူ့ကို ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တပည့်ဖြစ်တဲ့ ကျောင်းသားတွေကို ပြောထားပါတယ်။

လူတစ်ယောက်ကို အခန်းထဲမှာ ဓာတ်ကြိုးတစ်ကြိုးနဲ့ ချိန်ဆက်ထားပါတယ်။ ဓာတ်ကြိုးရဲ့ လျှပ်စစ်ဗို့အားကို တစ်ဆင့်ချင်း မြှင့်တင်ဖို့ ဆရာက ကျောင်းသားတွေကို ညွှန်ကြားပါတယ်။ ဗို့အားမြင့်လာလေလေ အခန်းထဲကလူကို ဘေးအန္တရာယ်ဖြစ်စေမယ်ဆိုတာကို ကျောင်းသားတွေအနေနဲ့ သိကြပါတယ်။ ဒါပေမဲ့ အံ့ဩဖွယ်ကောင်းစွာပါပဲ။ ကျောင်းသားအများစုဟာ ဆရာခိုင်းတဲ့အတိုင်း လိုက်ပြီး လုပ်ကြပါတယ်တဲ့။

အဲဒီစမ်းသပ်ချက်မှာ နိဂုံးချကောက်ချက်ဆွဲလို့ရတာက ဒါဟာ ဆရာသမားခိုင်းလို့ လုပ်တာဖြစ်ပြီး အဲဒီအတွက် ကိုယ့်မှာ တာဝန်မရှိဘူးလို့ ခံစားမိစေတာကြောင့်လို့ ဆိုပါတယ်။

နောက်တစ်ခုက ဆရာရဲ့ စေခိုင်းမှုကို မငြင်းဆန်လိုတာကြောင့်လို့လည်း ဆိုပါတယ်။

အဲဒီစရိုက်တွေဟာ လူ့အဖွဲ့အစည်းရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့တွေထဲမှာ ကိန်းအောင်းနေတတ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပိုလို့တောင် များနေနိုင်ပါတယ်။ ဆင်ခြင်ဖွယ်ပါပဲ။

လူသားတွေဟာ ကိုယ်တိုင် တာဝန်မခံရရင် ဒါမှမဟုတ် အထက်အရာရှိနဲ့၊ ရိုသေလေးစားရသူတွေက စေခိုင်းရင် ရက်စက်မှုတွေကို ကျူးလွန်ဖို့ ဝန်မလေးတတ်ကြဘူးဆိုတာကို သာဓကအနေနဲ့ ပြဆိုနေတာပါပဲ။

ရွာတွေမှာ စစ်ကြောင်းတွေ ဝင်ပြီး နေအိမ်တွေကို မီးရှို့သွားတာတွေအကြောင်း၊ တွေ့ရာမြင်ရာလူတွေကို ဖမ်းခေါ်သွားတာ၊ ပစ်သတ်သွားတာတွေအကြောင်း ပြောပြကြတာကို ကျနော် မကြာခဏ နားထောင်ခဲ့ရပါတယ်။ စေ့စေ့တွေးကြည့်ရင် ထိတ်လန့်စရာကောင်းလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးရန်စ မရှိပါဘဲ အဲဒီလိုလုပ်ဖို့ဆိုတာ ပုံမှန်အခြေအနေတွေမှာ မလွယ်လှပါဘူး။

“အဲဒီလူတွေဟာ တစ်လောကလုံးကို မကျေမနပ်ဖြစ်နေကြတာ” လို့ ကျနော် ပြန်ပြောမိပါတယ်။

လပေါင်းများစွာ အန္တရာယ်ဇုန်ထဲမှာပဲ အနားမရစွာ တာဝန်ထမ်းနေကြရ၊ မိသားစုရှိရာကို မပြန်ကြရ၊ ဗိုက်ဆာချိန်မှာလည်း မစားရ၊ အိပ်ပြန်တော့လည်း ခေါင်းပြားအောင် မအိပ်ကြရ၊ ဒီလိုအခြေအနေတွေထဲကို ရောက်နေကြသူတွေအဖို့ မြင်မြင်ရာကို ဒေါသထွက်နေ၊ သွေးဆူနေကြမှာပါပဲ။ အဲဒီလိုမျိုးဖြစ်နေအောင်ကိုလည်း ခေါင်းဆောင်ပိုင်းတွေက တမင်ဖန်တီးပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လူ့အဖွဲ့အစည်းကို အကြောက်တရားတွေ စိမ့်ဝင်နေဖို့ဆိုတာက ရက်စက်ကြမ်းကြုပ်ပြမယ့်သူတွေလည်း ရှိနေရမှာမဟုတ်လား။

လူ့သဘာဝကို စမ်းသပ်တဲ့ နောက်တစ်ခုကလည်း မျက်လုံးပြူးသွားစရာပါ။ တရားဟောဆရာတစ်ယောက်က သူ့သင်တန်းသားတွေနဲ့ စမ်းသပ်ကြည့်ထားတာ ဖြစ်ပါတယ်။

သင်တန်းသားတွေကို တရားသွားဟောဖို့ တစ်နေရာကို စေလွှတ်ပါတယ်။ စေလွှတ်တဲ့သင်တန်းသားတွေကို အုပ်စုနှစ်စုခွဲပါတယ်။ တစ်ဖွဲ့ကိုတော့ သူတို့သွားရမယ့်နေရာကို အချိန်တိုအတွင်း အမြန်ရောက်အောင် စေခိုင်းတာပါ။ ကျန်တဲ့တစ်ဖွဲ့ကိုတော့ အချိန်လုံလောက်အောင် ပေးပါတယ်။ သင်တန်းသားတွေ သွားရမယ့်လမ်းပေါ်မှာ လူတစ်ယောက်ဟာ သတိလစ်ပြီး လဲကျနေပါတယ်။ အမြန်ရောက်ဖို့ လိုနေတဲ့ သင်တန်းသားတွေဟာ သတိလစ်နေသူကို မကူညီကြပါဘူး။ ဘာလို့ဆို သူတို့မှာ အချိန်မလုံလောက်လို့ပါပဲ။ ဒီနေရာမှာ ကျနော့်ကို ငြိမ်သက်သွားစေတဲ့ ကိစ္စတစ်ခု ရှိနေပါသေးတယ်။

တရားဟောဆရာဟာ သူ့သင်တန်းသားတွေကို နောက်ထပ်တစ်ကြိမ် အခုနည်းအတိုင်းပဲ စမ်းသပ်ပါတယ်။ စမ်းသပ်မှုမလုပ်ခင်မှာ ဘာသာတရားကိုင်းရှိုင်းသူတွေရဲ့ အနှစ်သာရဟာ သူတစ်ပါးကို ကူညီတာဖြစ်တယ်လို့လည်း တရားဟောခဲ့ပါသေးတယ်။ ဒါပေမဲ့ စမ်းသပ်မှုရဲ့ ရလဒ်ကတော့ ပြောင်းလဲမသွားပါဘူး။ အချိန်မရတဲ့သူတွေဟာ လဲကျနေသူကို မကူညီကြပါဘူး။ ဒါဟာ အခြေအနေရဲ့ ဖိအားလို့ ဆိုပါတယ်။

အငြင်းအခုံပြု၊ အချေအတင်လုပ်ပြီး ဆွေးနွေးစကားပြောဆိုကြတဲ့အခါ ဓားတို့၊ တုတ်တို့ စတဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ကြိုတင်ရှင်းလင်းထားတတ်ကြတဲ့ ကျေးလက် မြန်မာ့လူ့ဘောင်ရဲ့ ဓလေ့ကိုတောင် သတိရစရာပါပဲ။ ဒါက ဘာကို ပြလဲဆိုတော့ အခြေအနေက လွယ်နေလို့ရှိရင် လုပ်မိမှာစိုးလို့ပါပဲ။ မြန်မာစကားပုံမှာ ‘လွယ်ရင် သူကြွယ် သူခိုးဖြစ်’ ဆိုတာ ရှိပါတယ်။ ချမ်းသာကြွယ်ဝသူ ဖြစ်လင့်ကစား လွယ်လွယ်သာရမယ်ဆိုရင် ခိုးတတ်တယ်ဆိုတဲ့ လူ့သဘောကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။ ဒီအတိုင်းပါပဲ။ ပင်ကိုယ်က ငြိမ်းအေးသူ ဖြစ်ပေမဲ့ အခြေအနေတွေက ဖိအားပေးလာချိန်မှာ ရက်စက်သူ ဖြစ်သွားတတ်ပါတယ်။

စစ်အာဏာရှင်အလိုကျ လုပ်ပေးနေရသူတွေဘက်မှာသာမက ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြသူတွေဘက်မှာလည်း အကြမ်းဖက် ရက်စက်မှုတွေကို ကျူးလွန်နေကြောင်း သတင်းဖော်ပြချက်တွေမှာ တွေ့နေရတာပါ။ နည်းတာနဲ့ များတာပဲ ကွာခြားပါလိမ့်မယ်။

ကျနော်တို့ ဘဝတစ်သက်တာမှာ ကြိမ်ဖန်များစွာ ကြားရလေ့ရှိတဲ့စကားတစ်ခုက “အခြေအနေတွေက အဲဒီလိုဖြစ်စေဖို့ တွန်းပို့လိုက်တာ” ဆိုတာပါပဲ။ ပြီးရင် ခေါင်းမြီးခြုံပြီး အိပ်လိုက်ကြပါတယ်။ တကယ်တော့ အဲဒီအကြောင်းပြချက်နဲ့တင် ပြီးမသွားသင့်ပါဘူး။ အခြေအနေအတွေထဲကို သက်ဆင်းတိုးဝင်သွားစေတဲ့ အကြောင်းခြင်းရာတွေက ဘာတွေလဲဆိုတာကို ရှာဖွေပြီး ဖျက်ဆီးပစ်ဖို့လည်း လိုမယ်ထင်ပါတယ်။

ကြမ်းကြုပ်ရက်စက်နေမှုတွေ ကမ္ဘောမြေပေါ်မှာ ရှိနေစေလိုတဲ့ သူတွေအနေနဲ့ အခုလိုတွေဖြစ်တတ်တဲ့ လူ့သဘာဝ၊ မနေစရိုက်တွေကို သိနားလည်ထားရင် တစ်စုံတစ်ရာ အထောက်အကူပြုစေမလားပါပဲ။

နာမည်ကျော်တက္ကသိုလ်တစ်ခုက လုပ်ထားတဲ့ စမ်းသပ်ချက်တစ်ခုလည်း ရှိပါသေးတယ်။ ရက်ရှည်စမ်းသပ်မှုဖြစ်ပြီး ကျောင်းသားတွေရော၊ ပြင်ပကလူတွေရောဟာ စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြပါတယ်။ သူတို့ကို အုပ်စုနှစ်စုခွဲပြီး တစ်စုကို အကျဉ်းသားတွေအဖြစ်၊ ကျန်တစ်ခုကို အကျဉ်းထောင်ဝန်ထမ်းတွေအဖြစ် လုပ်ဆောင်စေခဲ့တာပါ။ သိပ်မကြာခင်မှာပဲ သူတို့တွေရဲ့ ပြုမူတုံ့ပြန်ပုံတွေကို အံ့ဩဖွယ် မြင်တွေ့လာရပါတယ်။

ထောင်စောင့်အဖြစ် တာဝန်ယူကြရတဲ့ သူတွေဟာ အပြင်က တကယ့်ထောင်စောင့်တွေလိုပဲ အကျဉ်းသားအဖြစ် တာဝန်ယူကြတဲ့သူတွေအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလာကြသလို အကျဉ်းသားအဖြစ် တာဝန်ယူကြရတဲ့ သူတို့ကိုယ်သူတို့ တကယ့်အကျဉ်းသားတွေလိုခံစားရလာပြီး စိတ်ဓာတ်ပျက်ပြားတာတွေ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု ကျဆင်းတာတွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

အဲဒီစမ်းသပ်မှုက ဘာကို ပြဆိုနေသလဲဆိုတော့ လူသားတွေဟာ အခြေအနေအသစ်တစ်ခုဆီကို ရောက်သွားတဲ့အခါမှာ ကိုယ့်ရဲ့ မူလဖြစ်တည်မှုတွေကို မေ့လျော့သွားတတ်ကြတယ်ဆိုတာပါပဲ။

လူသားတွေအနေနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေကြတာတွေဟာ အခြေအနေက တွန်းပို့မှုကြောင့်လား၊ ကိုယ်တိုင်ရဲ့ဗီဇစိတ်အခြေခံကြောင့်လားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပညာရှင်တွေဟာ နှစ်များစွာ စူးစမ်းအဖြေရှာခဲ့ကြတယ်လို့ ဆိုပါတယ်။

အခြေအနေတွေရဲ့ ဖိအားက အလွန်အမင်းပြင်းထန်လာတဲ့အခါမျိုးတွေမှာ ပုံမှန်စိတ်သဘောထားရှိသူတွေတောင် အစွန်းရောက်အပြုအမူတွေကို လုပ်ဆောင်တတ်တယ်ဆိုတာကို တွေ့ရပါသတဲ့။ အဲဒီလေ့လာမှုမှာ စိတ်ဝင်စားဖွယ်ကောင်းတာက အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်လိုသူတွေဘက်က အားများနေတဲ့အခါမျိုးမှာ အစွန်းရောက်လိုသူတွေအနေနဲ့ ကိုယ်ရှိန်သတ်ကြရတယ်တဲ့အချက်ပါပဲ။

အပြန်အလှန်အနေနဲ့ အစွန်းရောက်သမားတွေ အများစုဖြစ်နေတဲ့အခါမျိုးမှာဆိုရင်လည်း ပုံမှန်သဘောထားရှိသူတွေကို ကူးစက်သွားတတ်တယ်လို့ ဆိုပါတယ်။ ‘ရေများ ရေနိုင်၊ မီးများ မီးနိုင်’သဘောမျိုးပါပဲ။

ခြွင်းချက်အနေနဲ့ လူတချို့ကတော့ အခြေအနေတွေရဲ့ ဖိအားကို လွန်ဆန်နိုင်ကြသူတွေလည်း ရှိပါတဲ့။ စိတ်ခွန်အားကြီးမားသူတွေ ဖြစ်မှာပါပဲ။

■ ငြိမ့်လွင့်

ရည်ညွှန်း – လူတိုင်းအတွက် ငြိမ်းချမ်းရေးစိတ်ပညာ/ဒေါက်တာမြင့်ဇော်