ပေါက်တောမြို့ကို AA သိမ်းယူ

0
1093
ပုံစာ - ပလက်ဝမြို့နယ်ကို AA က သိမ်းယူပြီးနောက် ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်း။

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ရက် ၉၀ ပြည့်နေ့ဖြစ်သည့် ဇန်နဝါရီလ ၂၄ ရက် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြခြင်းဖြစ်သည်။

ပေါက်တောမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟုသာ ဖော်ပြထားပြီး ထိန်းချုပ်နိုင်ခဲ့သည့် နေ့ရက်အပါအဝင် မြို့ကို သိမ်းယူခဲ့သည့် အသေးစိတ်အချက်အလက်တို့ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပေါက်တောမြို့ကို ဇန်နဝါရီလ ၁၉ ရက်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ပစ်ခတ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်သင်္ဘောဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် မြို့ကို AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနှင့် ပြည်တွင်းသတင်းအချို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က သတင်းဖော်ပြခဲ့ကြသည်။

ပေါက်တောမြို့ကို ဒုတိယအကြိမ်မြောက်အဖြစ် AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၆ ရက်တွင် AA က ပေါက်တောမြို့ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို သိမ်းယူကာ မြို့ကို ထိန်းချုပ် လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် စစ်သင်္ဘောတို့ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်က ယင်းနေ့တွင်ပင် မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး နှစ်လကျော်အကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် AA က ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တို့ဘက်က ထုတ်ပြန်လာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ ၂၄ ရက်က ရမ်းဗြဲမြို့ပေါ် ရပ်ကွက်နှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ၃၃ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး လေကြောင်း ပစ်ခတ်မှု အများဆုံးနေ့ ဖြစ်ကြောင်း ဖော်ပြသည်။

ယင်းသို့ ပစ်ခတ်သဖြင့် လူနေအိမ်၊ အဆောက်အအုံနှင့် ချောင်ကူးတံတားအချို့ ထိမှန်ပျက်စီးသည့်အပြင် ရမ်းဗြဲမြို့မရဲစခန်း အနောက်ဘက်ရှိ ရမ္မာဝတီစျေးဆိုင်တန်းမှ ဆိုင်ခန်း ခြောက်ခန်းလည်း လက်နက်ကြီးထိမှန်ကာ မီးလောင်ပျက်စီကြောင်း ဆက်လက်ဖော်ပြသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း စစ်ကောင်စီ စကခ ၁၅ က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မောင်နှမပုလဲတောင်ရွာကြီးက မွတ်ဆလင် ညီအစ်ကို သုံးဦးသေဆုံးပြီး ကလေးနှစ်ဦး အပါအဝင် ရှစ်ဦးဒဏ်ရာရကြောင်း ညီနောင်မဟာမိတ်တို့က ထုတ်ပြန်ထားသည်။