စစ်ကောင်စီ၏ ပြင်းထန်ထိုးစစ်ကြားက လောင်းလုံးပြည်သူများ

0
1178

စစ်ကောင်စီက လောင်းလုံးမြို့တောင်ဘက်ကျေးရွာများကို ၂၀၂၃ ခုနစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှစပြီး အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်မှာ ယနေ့အထိ မရပ်တန့်သေး။

လောင်းလုံးမြို့နယ်မှာ ထားဝယ်ခရိုင်အတွင်း တော်လှန်ရေး လှုပ်ရှားမှုအားကောင်းသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းသလို၊ အကြမ်းမဖက် လူထုလှုပ်ရှားမှုလည်း အားကောင်းသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။

သို့သော် လတ်တလောတွင် လောင်းလုံးမြို့နယ်အတွင်း မညီညွတ်မှုများက ပိုမိုများလာနေပြီး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကြားတွင်လည်း ပွတ်တိုက်မှုက ပိုမိုပြင်းထန်လာနေသည်။

ယင်းအခြေအနေတွင် စစ်ကောင်စီက လောင်းလုံးကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ယခုတစ်ကြိမ်ထိုးစစ်တွင် စစ်ကောင်စီဘက်က ပြည်သူကိုပိုမိုဖိနှိပ်ခဲ့ပြီး ပြည်သူများက တော်လှန်ရေးအဖွဲ့များကို ထောက်ခံမှုကျလာစေရေး ရည်ရွယ်ပုံရသည့် ဗျူဟာအသစ်ကို ကျင့်သုံးခဲ့ကြသည်။

ရက်ပေါင်း ၂၀ ခန့် ကြာလာပြီဖြစ်သော စစ်ကောင်စီတပ်၏ လောင်းလုံးစစ်ဆင်ရေးတွင် ပြည်သူများ၏ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခဲ့သလို သတ်ဖြတ်ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် လောင်းလုံးမြို့နယ်တွင် မီးလောင်ပျက်စီးသွားသည့်နေအိမ် ၁၅၀ ခန့်ရှိပြီး အရပ်သား ၃ ဦးသေဆုံးကာ ဒေသခံများ၏ ရွှေ၊ ငွေ၊ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်း အမြောက်အများ ဆုံးရှုံးခဲ့ရသည်။

ယင်းအပြင် အသက်ဘေးကြောက်၍ စစ်ဘေးရှောင်ကြသူ အများအပြားရှိခဲ့ပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ ကျေးရွာ ၁၆ ရွာမှဒေသခံ ၁၂,၀၀၀ ခန့်အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

PDF အခက် စစ်ကောင်စီအချက်

မြောက်ပိုင်းညီနောင်သုံးဖွဲ့လက်တွဲပြီး မြို့သိမ်းတိုက်ပွဲများဆင်နွှဲအောင်မြင်နေသဖြင့် စစ်ကောင်စီဘက်က စေ့စပ်ညှိနှိုင်းရန် ပြာပြာသလဲကြိုးစားနေသည့် အချိန်တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့များကမူ မညီမညွတ်ဖြစ်နေကြသည်။

PDF ရဲဘော်နှစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူနှစ်ဦးက ဖမ်းဆီးခဲ့သည့် ပြဿနာကိုဖြေရှင်းရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်အပြည့်အစုံ၊ အင်အားအများအပြားဖြင့် လောင်းလုံးမြို့နှင့်ကပ်လျက် သ‌ဗျာ၊ အင်း‌ဇောက်ကျေးရွာများသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရောက်ရှိလာကြသည်။

ယင်းနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် အနီးအနားမှ ဒေသခံများ ရွာတွင်မနေရဲတော့ဘဲ ဘုန်းကြီးကျောင်းတွင်သွားရောက် ညအိပ်ခဲ့ကြရသည်အထိ ဖြစ်ခဲ့ကြသည်။

ဘုန်းကြီးကျောင်းတွင် ညအိပ်သွားခဲ့သည့်ဒေသခံများမှာ နောက်တစ်နေ့နံနက် အစောပိုင်းတွင်ပင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်က ယင်းဘုန်းကြီးကျောင်းသို့‌ နံနက်စောစောရောက်လာပြီး ဒေသခံများကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ လောင်းလုံးမြို့နှင့်ကပ်လျက် ကျေးရွာများကို စစ်ကောင်စီတပ်ကစတင်ပြီး ရှာဖွေမွှေနှောက် စစ်ဆေးကြတော့သည်။

ပထမဆုံးမွှေနှောက်ခံရသည်မှာ အင်းဇောက်နှင့် သဗျာရွာဖြစ်သည်။

ထိုနောက် စစ်ကောင်စီတပ်သည် လောင်းလုံးမြို့ပေါ်တွင် တပ်စွဲလိုက်ပြီး မြို့နှင့်ကပ်လျက် ကျေးရွာများကို မွှေနှောက်ရှာဖွေစစ်ဆေးကြသည်။

ဒီဇင်ဘာလ ၁၃ ရက် ညသန်းခေါင်အချိန်တွင် ညင်းမော်ကျေးရွာ၊ ဒီဇင်ဘာလ ၁၅ နေ့တွင် စစ်ပြဲကျေးရွာနှင့် ပြင်းထိန်ကျေးရွာတို့သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်ရွှေနှင့်ငွေကြေးများ၊ ဆိုင်ကယ်အမြောက်အများကို အတင်းအဓမ္မ ယူဆောင်သွားခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ကိုအားပေးလျှင်၊ ဆန္ဒပြလျှင် ရွာဖျက်ပစ်မည်ဆိုသည့် ခြိမ်းခြောက်စာများကိုလည်း စစ်ပြဲရွာတွင် ရေးသားထားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ပြဲကျေးရွာမှထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို လောင်းလုံးမြို့မ ရဲစခန်းထဲရောက်ရှိလာချိန် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ကြောင်း မြို့ခံတို့ကဆိုသည်။

ခရစ္စမတ်အကြို လောင်းလုံးမြို့ပေါ်တိုက်ပွဲ

လောင်းလုံးမြို့ဝန်းကျင်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား စစ်ရေးတင်းမာလာသည်။

ဒေသခံများမှာ ရိတ်လက်စ စပါးများမသိမ်းရသေး လယ်ထဲမှာပင်ရှိနေဆဲ။

ရော်ဘာခြစ်သမားများမှာလည်း ဒီဇင်ဘာ ရာသီဥတုအေးနေချိန် ရော်ဘာအထွက်ကောင်း၍ အားစိုက်ပြီး အစေးခြစ်နေကြသည်။ နောက်လဆို ရော်ဘာအရွက်ကြွေကာလရောက်ပြီဖြစ်၍ အစေးမခြစ်နိုင်တော့။

ထိုအချိန်မျိုးတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်ကြသည်။

သို့သော် ဒီဇင်ဘာလ ၂၀ ရက် ညနေ ၅ နာရီခန့်တွင် လောင်းလုံးမြို့အဝင် သဗျာကျေးရွာ အုန်းသီးဆိုင်းဘုတ်အနီးတွင် ပေါက်ကွဲမှုစတင် ဖြစ်ပေါ်ခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပေါ်သည့်နေရာအနီးတွင် လူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး နေအိမ်တစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းအသတ်ခံရသူ နှစ်ဦးမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှဖြစ်ပြီး စစ်ကောင်စီက မီးရှို့အလောင်းဖျောက်ရန်ကြိုးစားခဲ့ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ခဲ့သည်။

ထိုနေ့ညဦးပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လောင်းလုံးမြို့ပေါ်သို့ အင်အားအများအပြားဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြသည်။

ထိုစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးကို ပစ်သတ်ပြီး မီးရှို့အလောင်းဖျောက်သည်ကို လက်တုံ့ပြန်သည့် စစ်ဆင်ရေးဟု ဒေသခံတို့က မှတ်ချက်ပြုကြသည်။

“PDF တွေ ဒီလောက်အင်အားများတာကို ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။ သူတို့လူကို ရက်ရက်စက်စက်လုပ်သွားတော့ သူတို့လည်းဘယ်ခံချင်မလဲ။ အဲဒါကြောင့်အင်အားနဲ့ လာတိုက်ကြတာနေမယ်” ဟု လောင်းလုံးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လောင်းလုံးမြို့အထက်တန်းကျောင်းတွင်တပ်စွဲထားသည့် ပျူစောထီးစစ်ဆေးရေးဂိတ်၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး(စရဖရုံး)နှင့် စစ်ကောင်စီတပ်စွဲထားသော နေရာအချို့ကို တိုက်ခိုက်ခဲ့ကြသည်။

“PDF တွေဆို တစ်လမ်းလုံးအပြည့်ပဲ။ သေနတ်သံတွေကြားတော့ ကျွန်မတို့ဆို အိမ်ထဲမှာနေရင်းဘယ်ကိုပြေးလို့ ပြေးရမှန်းလည်းမသိတော့ဘူး” ဟု အထက်ပါ မြို့ခံအမျိုးသမီးကဆိုသည်။

နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီခန့်ပစ်ခတ်ခဲ့သည့် တိုက်ပွဲအတွင်း အရပ်သား ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး ဆယ်ကျော်သက်အရွယ် ကလေး ၂ ဦးအပါအဝင် ၈ ဦးဒဏ်ရာရရှိခဲ့သည်။

ပျူစောထီးဟု ယူဆရသူအမျိုးသားတစ်ဦးလည်း လမ်းမပေါ်တွင် သေဆုံးနေသည်ကို ဒေသခံများက ပစ်ခတ်မှုများအပြီးတွင် မျက်မြင်တွေ့ရှိခဲ့ကြသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ယင်းမြို့ပေါ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၆ ဦးသေဆုံးသည်ဟု ထုတ်ပြန်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မြို့တိုက်ခိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီဘက်က ဒီဇင်ဘာ ၂၁ ရက်တွင်ငြိမ်နေခဲ့သော်လည်း ၂၂ ရက်နေ့တွင် မြို့ပြင်ရှိ စစ်ပြဲရွာသို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာခဲ့ပြန်သည်။

ထိုစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ရာ စစ်ပြဲ စမ်းသပြေရိပ်သာအနီးတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာဖြစ်ပွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ဆုတ်သွားချိန် စစ်ကောင်စီတပ်က ရွာထဲတိုးဝင်လာပြီး နေအိမ်ငါးဆောင်ကို ရိုက်ဖျက်ကာ ‌အဖိုးတန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ဆိုင်ကယ်ငါးစီးကို ယူဆောင်သွားခဲ့ပြန်သည်။

‌လောင်းလုံးမြို့အနီး ဒီဇင်ဘာလ ၁၂ ရက်မှ ၂၂ ရက်အထိ ၁၀ ရက်တာကာလအတွင်း အရပ်သား ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်ဆောင် မီးရှို့ဖျက်ဆီးခံလိုက်ရသည်။

အခြားနေအိမ်ငါးဆောင်လည်း ရိုက်ဖျက်ခံရပြီး ပြည်သူပိုင်ရွှေ၊ ငွေများအပါအဝင် ဆိုင်ကယ်အစီးရေ ၆၀ ခန့်ကိုလည်း စစ်ကောင်စီက အတင်းအဓမ္မယူဆောင်သွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်းကျဆုံးပြီး စစ်ကောင်စီဘက်ကမူ ပျူစောထီးဟုယူဆရသူ အမျိုးသားတစ်ဦး မျက်မြင်သေဆုံးနေသည်ကလွဲပြီးအခြား ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရပေ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဘီလူးစစ်ကြောင်း

ဒီဇင်ဘာလ ၂၃ ရက်မှ ၂၆ ရက်အထိ ၄ ရက်တာမျှ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများမရှိကြပေ။

ဒေသခံတို့မှာ ထားဝယ်မြို့အပါအဝင် ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သူများဖြင့် အလုပ်ရှုပ်နေကြသည်။

၄ ရက်မျှငြိမ်နေသည့် စစ်ကောင်စီစစ်‌ကြောင်းသည် ဒီဇင်ဘာလ ၂၇ ရက်တွင်မူ မထင်မှတ်ထားသည့်နေရာမှ ပေါ်ထွက်လာခဲ့သည်။

လောင်းလုံး၊ ပြင်းထိန်၊ စစ်ပြဲလမ်းအတိုင်း ကုန်းကြောင်းဖြင့်လည်းကောင်း၊ ထားဝယ်မြစ်အတိုင်း ရေလမ်းကလာပြီး ဝေဒီ၊ ကညုံကျွန်းရွာများသို့လည်းကောင်း စစ်ကြောင်းနှစ်ကြောင်းဖြင့် ဗိုလ်မှူးကြီးဗထူးဇာတိ လေးသွန်းခံရွာဘက်သို့ ဦးတည်လာကြသည်။

“စစ်ကြောင်းလည်းလာနေပြီကြားရော ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူး။ အရင်တုန်းက ဒီလိုမျိုးဟိုဘက်ဒီဘက်ညှပ်ပြီး လာတာမျိုးမှမရှိတာ” ဟု လေးသွန်းခံရွာသားတစ်ဦးက ဆိုသည်။

စစ်ကြောင်းတွင် အင်အား ၂၀၀ မှ ၃၀၀ ကြားရှိပြီး စစ်ကြောင်းသုံးကြောင်းခန့်အထိ ဖြန့်ခွဲကာ ဗျူဟာအသစ်ဖြင့် လောင်းလုံးမြို့တောင်ဘက်ပိုင်းကို ပိတ်ဆို့စစ်‌ကြောင်းထိုးလာခဲ့သည်။

ရွာဖျက်ပစ်မည်ဟု ခြိမ်းခြောက်ထားသည့်အတိုင်း ကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံတို့က ထိုစစ်ကြောင်းကို ရွာဖျက်ဘီလူးစစ်ကြောင်းဟု ကင်းပွန်းတပ်ကြသည်အထိ ကြမ်းပြခဲ့သည်။

ပြောင်းလဲလာသည့် စစ်ကောင်စီဗျူဟာ

ယခုတစ်ကြိမ် စစ်ကြောင်းထိုးမှုတွင် ယခင်နှင့်မတူသည့် စစ်ကောင်စီ၏ ဗျူဟာအချို့ကိုတွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ပထမတစ်ချက်မှာ စစ်ကြောင်းထိုးသည့် ပုံစံပြောင်းလာခြင်းဖြစ်သည်။

ယခင်ကကဲ့သို့ စစ်ကြောင်းတစ်ကြောင်းတည်း မဟုတ်ဘဲ အဖွဲ့ခွဲလှုပ်ရှားခြင်း၊ အဓိကလမ်းမကြီးများကို ရှောင်ရှားပြီး ကွေ့ပတ်သွားခြင်းတို့ကြောင့် စစ်ကောင်စီသွားမည့် လမ်းကြောင်းကို ခန့်မှန်းရခက်ခဲအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

ထားဝယ်သွားမည့် တစ်ခုတည်းသော ကုန်းလမ်းကြောင်းဖြစ်သည့် လောင်းလုံးမြို့ပေါ်တွင်လည်း လမ်းသွယ်၊ လမ်းကြားမကျန် ပိတ်ဆို့ထားပြီး အဓိကလမ်းမကြီးပေါ်တွင် စစ်ဆေးတင်းကြပ်ထားလိုက်သည်။

ထိုအချက်ကြောင့် တိမ်းရှောင်နေသူများ ပိတ်မိသွားခဲ့ပြီး ရာနှင့်ချီသည့် ဒေသခံများ ဖမ်းဆီးခံခဲ့ကြရသည်။

မိုင်းဆွဲတိုက်ခိုက်မည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက်လည်း များစွာအခက်တွေ့သွားစေခဲ့ပြီး အလုပ်မဖြစ်တော့ပေ။

ဒုတိယအချက်မှာ တော်လှန်ရေးအဖွဲ့များကို ပြည်သူ့ထောက်ခံမှုကျလာစေရန် ရည်ရွယ်လုပ်ဆောင်မှုဖြစ်သည်။

အဖမ်းခံရသူအချို့ကို ၎င်းတို့လိုအပ်သည့်နေရာအထိ လူသားဒိုင်းအနေဖြင့် သော်လည်းကောင်း၊ အထုပ်ထမ်းသူအဖြစ်လည်းကောင်း‌ ခေါ်ဆောင်သွားပြီးနောက် အချို့ကို ငွေကြေးပေးလိုက်သည့်နည်းဖြင့် စည်းရုံးသိမ်းသွင်းလာကြောင်း ဒေသခံတို့ကဆိုသည်။

“အနုနည်းနဲ့စည်းရုံးတာပေါ့။ တစ်ချို့ဘာဖြစ်သွားလဲဆိုရင် အဖမ်းခံရရင်တောင် ဘာမှမဖြစ်ဘူး။ ပိုက်ဆံတောင် ပြန်ရသေးတယ်ဆိုတာမျိုး ဖြစ်သွားတာလေ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ယင်းအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒေသတွင်းပြည်သူများကို ဒလန်ဟုစွပ်စွဲ သတ်ဖြတ်နေခြင်းကြောင့်လည်းကောင်း၊ ခရီးသွားများထံမှ ငွေကြေးအဓမ္မတောင်းခံခြင်း၊ ဆက်ကြေးတောင်းခံနေခြင်းကြောင့် နယ်မြေရှင်းလင်းပေးရသည့်ပုံစံမျိုး ပြည်သူများကို ပြောဆိုသွားကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့ကဆိုသည်။

“ကျွန်တော်တို့က PDF တွေမဟုတ်ဘူး။ ကြောက်စရာမလိုဘူး။ အမေကြီးတို့ အေးအေးချမ်းချမ်းနေရအောင် PDF တွေကိုလိုက်ရှင်းပေးနေတာ။ အဲလိုပြောသွားတယ်” ဟု စစ်ကောင်စီတပ် တပ်စွဲနေထိုင်သွားသည့် အိမ်ပိုင်ရှင်တစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်သားများတွင် ယူနီဖောင်းဝတ်မဟုတ်သော အနက်ရောင်ဝတ်စုံ၊ ဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားကြသူများလည်း ပါဝင်ကြောင်းဆိုသည်။

ယင်းမှာ စစ်ရေးလှုပ်ရှားရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကို သာမန်ပြည်သူများ မခွဲခြားနိုင်စေရန် ရည်ရွယ်ပုံရကြောင်း ဒေသခံတို့ကဆိုသည်။

“စစ်တပ်နဲ့တူတာဆိုလို့ အရှေ့မှာခံထားတဲ့အပြား ( ကျည်ကာဝတ်စုံ) တစ်ခုပဲပါတယ်။ ရုတ်တရက်ဆို စစ်တပ်မှန်း‌တောင်မသိဘူး” ဟု အထက်ပါအိမ်ပိုင်ရှင်ကဆိုသည်။

တော်လှန်ရေးအဖွဲ့များနှင့်ပြည်သူ

စစ်ကောင်စီတပ်က ပြည်သူကို ဖိနှိပ်မှုပိုမိုပြုလုပ်လာခြင်းမှာ တော်လှန်ရေးအဖွဲ့များ စုစည်းမှုမရှိ၍ဟု လူထုကရှုမြင်ကြသည်။

တော်လှန်ရေး အဖွဲ့များက ရွာနာမည်စိုး၍ဟုဆိုကာ ပြတ်ပြတ်သားသား မလုပ်ကြဟု ပြည်သူ‌အများက ရှုမြင်ကြပြီး စစ်ကောင်စီတပ်ကို တုံးတိုက်တိုက်ကျားကိုက်ကိုက် ရင်ဆိုင်‌လိုက်စေချင်ကြသည်။

စစ်ကြောင်းမိုင်းဆွဲခြင်း၊ စစ်ကြောင်းကို ပစ်ပြေးခြင်းမျိုး လောက်လုပ်နေခြင်းက ရွာကိုပိုနာစေသည်ဟု ယူဆကြသည်။

“ကျွန်မတို့သဘောကတော့ တိုက်စရာရှိတာတိုက်။ ရဲရဲသာချ။ မဟုတ်လည်းရွာက မီးရှို့ခံရပြီးပြီပဲကို။ မလုပ်ဘူးဆိုရင်လည်း လုံးဝမလုပ်နဲ့။ အခုက အဲလိုမဟုတ်ဘူး။ ဟိုနားမှာ နှံ့နှံ့၊ ဒီနားမှာ နှံ့နှံ့ လိုက်လုပ်နေတာ” ဟု စစ်ပြဲရွာသူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်ပြဲကျေးရွာထိပ်တံတားတွင်တစ်ကြိမ်၊ ကညုံကျွန်း- ကထောင်းနီကျေးရွာချင်းဆက် လမ်းပိုင်းတွင်တစ်ကြိမ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

ယင်းနောက်ပိုင်း တိုက်ခိုက်မှုမလုပ်ကြတော့ဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ‌ ဆုတ်ခွာသွားကြကြောင်း ဒေသခံတို့ကဆိုသည်။

အမည်မ‌ဖော်လိုသည့် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးကမူ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် အခွင့်အရေးမပေးဟုဆိုသည်။

အကြောင်းမှာစစ်ကောင်စီတပ်က အဓိကလမ်းမကြီးများကိုရှောင်ရှားပြီး မထင်မှတ်ထားသည့်လမ်းကြောင်း၊ အိမ်ကြို၊ အိမ်ကြားတို့မှ ဝင်ထွက်သွားလာနေခြင်းအပြင် ပြည်သူများကို ဖမ်းဆီးပြီးလူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းကြောင့်ဟုဆိုသည်။

“စကစက ကျွန်တော်တို့ထွက်တိုက်တာကို လိုချင်နေတာ။ အဲလိုထွက်လာအောင်လည်း သူတို့အမျိုးမျိုး ပြည်သူတွေကို နှိပ်စက်ပြတယ်။ မီးရှို့ပြတယ်။ ရှင်းရှင်းပြောရင် မခံချင်အောင်ဆွပြီး ကျွန်တော်တို့ကို ထွက်လာအောင်လုပ်နေတာ။ ထွက်လာတိုက်ပြီဆိုရင်လည်း အဲရွာက ပြာကျပြီပဲ” ဟု၎င်းကဆိုသည်။

လောင်းလုံးကျွန်းဆွယ်တစ်ကြောကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေသည်မှာ အကြိမ်အမြောက်အများ ရှိနေပြီဖြစ်သော်လည်း စွန့်ခွာထားသည့် ပြည်သူ့ကာကွယ်ရေးစခန်း အဟောင်းများကိုသာတွေ့ရှိနေမှုမှာ စစ်ကောင်စီတပ်ကို ပိုပြီးဒေါသထွက်စေသည်။

ယင်းအတွက်ကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထွက်တိုက်သည်ကို စစ်ကောင်စီက လိုချင်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကို ပြည်သူများအားမလိုအားမရ ဝေဖန်လာသည့်အကြောင်းများအနက် အချင်းချင်းမညီမညွတ် တိုက်ခိုက်နေကြခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။

စစ်ကောင်စီတပ်က ဒေသတွင်းကို စစ်ကြောင်းထိုးနေသည့်အချိန်အတွင်းမှာပင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့ဝင်တပ်ဖွဲ့တစ်ခု နုတ်ထွက်သွားခဲ့သည်။

ထိုအပြင် အမျိုးသားညီညွတ်ရေး အစိုးရထံမှ နုတ်ထွက်ထားသူများ ပေါင်း၍ ဗထူးတပ်မတော်ဆိုသည့် တပ်ဖွဲ့ တစ်ခုထပ်ပေါ်လာသည်။

လူများပြီး ပွဲမစည်ဖြစ်နေကြသည်ကို ပြည်သူများလက်မခံချင်ကြတော့ပေ။

“အမှန်တိုင်း‌ပြောရရင်တော့ သူတို့လုပ်နေတာတွေကို အားမရတာအမှန်ပဲ။ လက်နက်ကိုင်အစကတည်းက ပြည်သူတွေသူတို့ကိုထောက်ပံ့လာတာ အများကြီး။ တူမီးကနေ မောင်းပြန်ဖြစ်တဲ့အထိ ထောက်ပံ့လာတာ။ အခုအချိန်အထိ ဘာမှလုပ်ပြနိုင်တာမရှိသေးဘူး” ဟု ဒေသတွင်းထောက်ပို့အဖွဲ့ဝင်တစ်ဦးက မေးခွန်းထုတ်သည်။

သို့သော် ပြည်သူများ စိတ်မပျက်ရန်လည်း ၎င်းကဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များကြားထဲမှာပင် အချင်းချင်းမညီညွတ်မှုများကို စိတ်ပျက်လာနေကြပြီး လူမူကွန်ရက်စာမျက်နှာများပေါ်တွင် ရင်ဖွင့်ပြောဆိုလာနေကြသည်။

လူသတ်၊ မီးရှို့စစ်တပ်နှင့် အားကိုးရာမဲ့ ပြည်သူများ

တစ်ဖက်စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးလာတိုင်း ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်၊ နေအိမ်များကိုမီးရှို့ဖျက်ဆီးကြပြီး အဖိုးတန်ပစ္စည်းမှန်သမျှကို သိမ်းယူသွားကြသည်။

၂၀၂၃ ဒီဇင်ဘာလ ၂၇ ရက်ကစပြီး ၂၀၂၄ ဇန်နဝါရီလ ၁၆ ရက်အထိ လောင်းလုံးမြို့၏တောင်ဘက်ပိုင်း ကျေးရွာများကို စစ်ကြောင်းထိုးရာတွင် အဖမ်းခံရသည့်ပြည်သူသုံးဦး သေဆုံးသွားပြီဖြစ်သည်။

ပထမတစ်ဦးမှာ ဒီဇင်ဘာလ ၂၈ ရက်က စစ်ပြဲကျေးရွာသား အသက် ၃၀ ကျော်အရွယ် ကိုတိုးနိုးကို စစ်ကောင်စီကဖမ်းဆီး သတ်ဖြတ်ထားခဲ့ပြီး ဒေသခံများပြန်တွေ့ချိန်တွင် ဦးခေါင်းပြတ်နေခဲ့သည်။

ယင်းအပြင် လေးသွန်းခံကျေးရွာသား အသက် ၂၆ နှစ်အရွယ် စိတ်ရောဂါဝေဒနာရှင် ညီငယ်(ခေါ်) ကိုလှမျိုးထွန်းကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားပြီး ရက်ပိုင်းအကြာတွင် သေဆုံးလျက်ပြန်တွေ့ရှိခဲ့သည်။

၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်တွင်မူ အောက်ကျောက်ဝပ်ရွာသား ကိုကျော်နိုင်ကို စစ်ကောင်စီတပ်က ပစ်သတ်ထားခဲ့သည်။

စစ်ကြောင်းဝင်လာသဖြင့် ထွက်ပြေးရင်း အမောဖောက်သေဆုံးသွားသည့်အသက်ကြီးရွယ်အိုများ၊ နှလုံးရောဂါဝေဒနာရှင်များလည်းရှိကြောင်း ဒေသခံတို့ကဆိုသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်နေအိမ်များမှာ ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ပြဲကျေးရွာတွင် ၈ ဆောင်၊ လေးသွန်းခံကျေးရွာတွင် ၁၂ ဆောင်၊ သပြေရှောင်ကျေးရွာအုပ်စုရှိ အိမ်သုံးဆေးဝါးရောင်းချသည့်ဆိုင်တစ်ဆိုင်၊ ရင်ထဲ(သံလျင်)ရွာတွင် ၅ ဆောင်၊ ဟင်းချိုတောရွာတွင် ၈ ဆောင်၊ သကျက်တောရွာတွင် ၄ ဆောင်၊ ညောပြင်ရွာတွင် ၁၀၀ ကျော်၊ အောက်ကျောက်ဝပ်ရွာတွင် ၄ ဆောင် စုစုပေါင်း ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

လောင်းလုံးမြို့နယ်တွင် အဆိုးရွားဆုံး၊ အိမ်ခြေအများဆုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည့်ရွာမှာ ညောပြင်ရွာဖြစ်ပြီး စုစုပေါင်း အိမ်ခြေ ၂၀၀ ခန့်ပျက်စီးသွားပြီဖြစ်သည်။

၂၀၂၃ ခုနှစ် မတ်လက နေအိမ် ၉၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဆယ်လကျော်အကြာ ဒီဇင်ဘာလ ၈ ရက်တွင်နောက်ထပ်နေအိမ် ၁၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပြန်သည်။

နောက်ထပ်မည်မျှထပ်မံပျက်စီး၊ ဆုံးရှုံးရမည်ကို မခန့်မှန်းနိုင်သေး စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ရှိ ကျန်ရှိနေသေးသော အခြားကျေးရွာများကို စစ်ကြောင်းထိုးနေဆဲ။ ဒေသခံများ ထွက်ပြေးနေရဆဲ။ စိုးရိမ်သောကရောက်နေကြရဆဲပင်။

“ကိုယ့်အိမ်လည်း ကိုယ်မပိုင်ဘူး။ ကိုယ့်အသက်လည်းမပိုင်ဘူး။ ကျွန်မတို့ကို ကာကွယ်ပေးမယ့်သူလည်းမရှိဘူး။ အဲဒါကျွန်မတို့အခုကြုံနေရတဲ့အခြေအနေပဲ” ဟု ညောပြင်ကျေးရွာအိမ်မီးရှို့ခံလိုက်ရသူ အမျိုးသမီးတစ်ဦးကဆိုလေသည်။