ရေဖြူ ဇာဒီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အလှူပွဲတွင်ပစ်ခတ်ခံရ

0
1121

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ၌ ယနေ့ ကျင်းပနေသည့် အလှူပွဲတစ်ခုတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလားလားဆိုသူ ပစ်ခတ်ခံရကြောင်း ရွာသားများကပြောသည်။

အာဏာသိမ်းပြီးနောက် ဇာဒီကျေးရွာ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာသူ ဦးလားလား ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။

“အလှူပွဲက အုပ်ချုပ်ရေးရုံးအရှေ့မှာပဲ။ အလှူပွဲက ထမင်းစားပြီးလို့ သိမ်းနေကြပြီ။ ထမင်းစားပြီး ပြန်အထွက်မှာ ပစ်ခံရတာ။ အုပ်ချုပ်ရေးမှူးက သူပစ်ခံရတဲ့အချိန် နာရေးအိမ်တစ်ခုရောက်နေတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

သေနတ်သမားများက ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုအပြီး ပြန်ထွက်ခွာရာ လမ်းတစ်လျှောက်တွင်လည်းသေနတ်များ ပစ်ဖောက်သွားကြောင်း ၎င်းက ပြောဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးလားလား သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး သလို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သည်ကိုလည်း အသေးစိတ်မသိရသေးပေ။

သေနတ်ပစ်ခတ်သံ များဆက်တိုက်ထွက်ပေါ်ပြီးနောက် အထက ဇာဒီ ကျောင်းတွင် နေ့ထက်ဝက် ကျောင်းပိတ်ကာ မွန်းလွဲ ၁နာရီတွင် ကျောင်းပေးဆင်းလိုက်ကြောင်း ကျောင်းသားမိဘများထံက သိရသည်။

“ထမင်းစား ကျောင်းဆင်းချိန် သေနတ်သံကြားတော့ ကျောင်းမဆင်းဘဲထားထားတယ်။ အခြေအနေ ငြိမ်သွားမှ တစ်ခါတည်း အပြီး ကျောင်းလွှတ်ပေးလိုက်တယ်။ အခုအထိတော့ ရွာထဲကို စစ်သားတွေ ဆင်းလာတာမရှိသေးဘူး” ဟု ကျောင်းသားမိဘ တစ်ဦးက ယနေ့ မွန်းလွဲ ၂နာရီတွင်ပြောသည်။

ဦးလားလားသည် ယခုပစ်ခတ်ခံရမှုအပါအဝင် နှစ်ကြိမ် လာရောက်ပစ်ခတ်ခံရဖူးပြီး ကားမိုင်းဆွဲခံရရာတွင်လည်း ဒဏ်ရာရဖူးသူဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇာဒီရွာတွင် အာဏာသိမ်းပြီးနောက် လာရောက် ပစ်ခတ်ခံရသဖြင့် သေဆုံးသူ အမျိုးသား ၂ ဦးရှိပြီး ယင်းပစ်ခတ်မှုများအား မည်သူတို့က လုပ်ဆောင်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။