ထားဝယ်တွင် စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော်ဖမ်းမိ

0
1168
ဓာတ်ပုံ - CCDAC MYANMAR

ထားဝယ်တွင် စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော်ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ယနေ့(ဇန်နဝါရီ ၁၆) ထုတ်ပြန်သည်။

အဆိုပါမူးယစ်ဆေးဝါးများကို မနေ့ နေ့လယ်ပိုင်းက ထားဝယ်မြို့ ကားဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဘက်မှ မြိတ်သို့သွားမည့် ခရီးသည်တင်ကားကိုစစ်ဆေးရာ ကားပေါ်လိုက်ပါလာသည့် ခရီးသည် ကိုရဲမင်းသူ၏ ကျောပိုးအိတ်ထဲတွင် ကာလပေါက်ဈေး ၄၄၄ သိန်းကျပ်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄၈၀၀ ခန့်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ယင်းကြောင့် အသက် ၃၀ အရွယ်ရှိ ကိုရဲမင်းကို ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ထားဝယ်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံထံမှ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိခဲ့သေးသည်။

တနင်္သာရီတိုင်းထဲသို့ တိုင်းပြင်ပမှ သယ်ဆောင်လာသည့် မူးယစ်ဆေး ဖမ်းဆီးရမိမှုမှာ ၁၅ ရက် အတွင်း သုံးမှုရှိပြီဖြစ်သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးများမှာ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် အပါအဝင် အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန်ကျော်ဖြစ်သည်။

အဆိုပါအမှုသုံးမှုမှ မူးယစ်ဆေးဝါးသယ်ဆောင် ဖြန့်ဖြူးသူ ၁၂ ဦးကိုလည်း ဖမ်းဆီးအရေးယူထားပြီး ကွင်းဆက်တရားခံများကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။