သရက်ချောင်း မင်းဒပ်ရွာက နေအိမ်လေးလုံး လက်နက်ကြီးကျည်ထိမှန်

0
937

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ်လေလုံးတွင် ကျည်စထိမှန် ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၅ နာရီခွဲ ၆ နာရီခန့်တွင် ဝင်းဝနယ်မြေရဲစခန်းဘက်က ထွက်လာသည့် အင်အား ၃၀ ကျော် ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းဒပ်၊ သိမ်ကုန်းကျေးရွာဘက်ကို လှည့်လည်စစ်ကြောင်းထိုးနေကြောင်း ဒေသခံ အချို့က ဆိုသည်။

အဆိုပါစစ်ကြောင်းသည် အော်ဟစ်ဆဲဆိုကာ မင်းဒပ်ရွာဘက်ကို ဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“သူတို့ဘာသာ အော်ဟစ်ဆဲဆိုနေတာတော့ကြားတယ်။ လက်နက်ကြီးက ဘယ်နှစ်လုံးမှန်းတော့ ကျွန်မလည်းမသိဘူး။ ပစ်တာတော့ အများကြီးပဲ။ လူထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်သည့် နေအိမ်အချို့တွင် အလုပ်သွားနေသဖြင့် လူမရှိသော်လည်း အချို့အိမ်များတွင် လူရှိကြောင်း ၎င်းက ဆိုသည်။

နေအိမ်များမှာ ကျည်စထိမှန်ပြီး အမိုးထိခိုက်ပျက်စီးခြင်း၊ အကာအရံ ကျည်စထိမှန်ခြင်းတို့ရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယင်းပစ်ခတ်မှုမတိုင်မီ အဆိုပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကြားသိရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းမှာ ရငဲ၊ ကနက်သီရိ၊ ကျွဲမင်းကုန်းစသည့် ကျေးရွာများဘက်ကို လှည့်လည် စစ်ကြောင်းထိုးနေသည့်အဖွဲ့ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၁၃ ရက် ညသန်းခေါင်အချိန် ပင်လယ်ပြင်မှ ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း နောက်တစ်ဖွဲ့မှာ ယနေ့နံနက်တွင် ပြင်းဖြူသားရွာနှင့် စုံစင်ဖျားရွာဘက်တွင် ရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်းဝ၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ မင်းဒပ်၊ သိမ်ကုန်း၊ ဂုံညင်းဆိပ်၊ ပြင်းဖြူသား၊ စုံစင်ဖျားစသည့်ကျေးရွာများကို လှည့်လည်သွားလာနေပြီး နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေမှုများရှိကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာချိန် ဒေသခံများက ဘေးလွတ်ရာကို ယာယီထွက်ပြေးတိမ်းရှောင်ကြပြီး အချို့မှာ အမြဲတမ်းစစ်ဘေးရှောင်အဖြစ် အခြားမြို့ရွာများကို ထွက်ပြေးတိမ်းရှောင်နေထိုင်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။