တနင်္သာရီမြို့နယ် ရေဖြူနှင့် ညောင်ပင်ကွင်းတွင် တိုက်ပွဲဖြစ်

0
797

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာနှင့် ရေဖြူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဇန်နဝါရီလ ၁၅ ရက် မနက် ၆ နာရီခွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သဖြင့် ညောင်ပင်ကွင်းရွာတွင် မိနစ် ၃၀ ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးမကြာခင်မှာပင် စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်တစ်စီးမှာ တိုက်ပွဲဖြစ်ပွားသည့် နယ်မြေအတွင်းပျံသန်းခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

“တိုက်ပွဲပြီးသွားပေမယ့် မနက် ၉ နာရီလောက်အထိ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ အိမ်ထဲမှာရှိနေတဲ့ အရပ်သားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်” တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်ဖွဲ့ဝင်နှစ်ဦးလည်း လက်နက်ကြီးစထိမှန်သဖြင့် မစိုးရိမ်ရ ဒဏ်ရာရထားသည်ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

ဇန်နဝါရီ ၁၆ ရက်(ယနေ့) မနက် ၉ နာရီခွဲခန့်တွင်လည်း တနင်္သာရီမြို့နယ် ရေဖြူကျေးရွာတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားသည်ဟု ၎င်းက ပြောသည်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းနှင့် ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်ရင်းတို့က ညောင်ပင်ကွင်းရွာဘက်ကို ယနေ့ မနက်အထိ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုအသေးစိတ်အခြေအနေနှင့် ဒေသခံများ၊ လူနေအိမ်များ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို Dawei Watch ကစုံစမ်းမေးမြန်းနေဆဲဖြစ်သည်။