ကလိန်အောင်တွင် ရွှေလုပ်သားသုံးဦးအသတ်ခံရမှုကို ဖြေရှင်းချက်ပေးရန် မိသားစုဝင်များတောင်းဆို

0
949
ပုံစာ - သတ်ဖြတ်ခံရသည့် ဦးကျော်အေး၊ ကိုလှမြင့်၊ ကိုထက်မြက်အောင်

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ နတ်အိမ်တောင်ဒေသ ၊ ကျောက်လုံးကြီးရွာတွင် လက်လုပ်လက်စား ရွှေလုပ်သား အမျိုးသားသုံးဦး သတ်ဖြတ်ခံရမှုအတွက် သက်ဆိုင်သည့်အဖွဲ့က ဖြေရှင်းချက်ပေးရန် ကျန်ရစ်သည့်မိသားစုဝင်များက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က ပန်းမချောင်း (ပင်းမချောင်း) ဘက်သို့ ရွှေကျင်ရန်သွားရောက်ပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားကြောင်း ကျန်ရစ်သူမိသားစုများဝင်များက ပြောသည်။

ပျောက်ဆုံးသွားသူ သုံးဦးသည် ပဲခူးတိုင်း၊ ဝေါမြို့နယ် ဇာတိဖြစ်ကြပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်လုံးကြီးရွာတွင် လွန်ခဲ့သည့် ၃ နှစ်ကတည်းက ပြောင်းရွှေ့လာကာ ရွှေကျင်သည့် လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

၎င်းတို့မှာ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်၊ အသက် ၅၂နှစ်အရွယ် ဦးကျော်အေး (ခေါ်) ဦးသိကြားမင်းနှင့် ၎င်း၏ သားဖြစ် သည့် အသက် ၂၂ နှစ် ကိုထက်မြက်အောင် (ခေါ်) ကိုကျော်ဇောလင်းတို့ဖြစ်ကြောင်း မိသားစုဝင်တို့က ပြောဆိုသည်။

ရက်သတ္တပတ်ကြာသည်အထိ သတင်းအဆက်အသွယ်မရသဖြင့် မိသားစုဝင်များက ကလိန်အောင်အခြေစိုက် ဒေသ ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Spring Dhamma အဖွဲ့ ထံသို့ ဆက်သွယ်အကူအညီ တောင်းခံခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ခံ ကိုယက္ခက ပြောသည်။

ယင်းသို့အကူအညီတောင်းခံမှုကြောင့် Spring Dhamma အဖွဲ့က ပန်းမချောင်းဘက်သို့ တောနင်း၍ ပျောက်ဆုံးနေသူများ အားရှာဖွေရာတွင် ကော်သူးလေတပ်မတော် (KTLA) က ရဲဘော်ရှစ်ဦးကို တွေ့ရှိသဖြင့် မေးမြန်းရာ ရဲဘော်ညီနိုင်ဆိုသူ၏ ဖုန်းအတွင်း ကိုလှမြင့် သတ်ဖြတ်ခံရသည့် ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းတို့ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ တွေ့ရှိပြီးနောက် ရဲဘော်ညီနိုင်ကို ထိန်းသိမ်းစစ်ဆေးရာ အမှတ် ၂၈၂ စစ်ကောင်စီ ခြေလျင်တပ်ရင်း၏ သူလျှိုများ ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ရွှေကျင်သမားအမျိုးသားသုံးဦးကို ရဲဘော်ညီနိုင်အပါအဝင် လေးဦးက သတ်ဖြတ်ခဲ့သည်ဟု ထွက်ဆိုကြောင်း ကိုယက္ခက ပြောဆိုသည်။

အသတ်ခံရသည့် ရွှေလုပ်သား ၃ ဦးသည် မည်သည့်အဖွဲ့အစည်းကိုမျှ အလုပ်လုပ်ပေးနေခြင်း၊ သတင်းပေး ဒလန်လုပ် နေခြင်း မရှိသည်ကို တာဝန်ခံရဲကြောင်း ကျောက်လုံးကြီးကျေးရွာလူကြီးက ပြောသည်။

“မှားယွင်းတယ်ဆိုရင်လည်း မှားတဲ့အကြောင်း၊ တော်လှန်ရေးအဖွဲ့အစည်းတွေ မှားရင်လည်း ပြည်သူတွေကို တောင်းပန် ရမယ်လေ။ ဂဃနဏ စုံစမ်းပြီး သက်သေတွေရတဲ့အခါ KTLA အဖွဲ့ကို ဆက်သွယ်ထားပေမဲ့ အခုထိ ကျန်ရစ်တဲ့ မိသားစု တွေကို ဘယ်လိုတာဝန်ယူမလဲဆိုတာ အကြောင်းမပြန်သေးဘူး” ဟု ၎င်းက ဇန်နဝါရီလ ၁၂ရက်တွင် ပြောသည်။

ယခုကိစ္စနှင်ပတ်သက်၍ တရားဝင်ဖြေရှင်းချက်တစ်ခုကို သက်ဆိုင်သည့်အဖွဲ့အစည်းက ထုတ်ပြန်ပေးရန် မျှော်လင့်ကြောင်း ကျန်ရစ်သူမိသားစုများကလည်း ပြောဆိုကြသည်။

“ဘယ်လိုစိတ်တွေနဲ့ အခုလို သတ်ပစ်ရက်တာလဲလို့ မေးချင်တယ်” ဟု အသတ်ခံရသူတစ်ဦးဇနီးက ဆွမ်းသွတ် ရက်လည်နေ့က ငိုလျက်ပြောသည်။

အထက်ပါကိစ္စများနှင့်ပတ်သက်၍ KTLA ဆာကဆောတပ်မ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းထံ Dawei Watch က ဆက်သွယ်မေးမြန်ရာ မြေပြင်မှ တိကျသည့် သတင်းအချက်အလက် ရောက်မလာ သေးသဖြင့် ပြန်လည်ဖြေကြားရာတွင် အခက်ခဲရှိကြောင်း ဖြေကြားသည်။

မြေပြင်သတင်း မရောက်လာပါက ကိုယ်တိုင်မြေပြင် သွားရောက်စုံစမ်းရန်အစီအစဥ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

“လတ်တလော ပြောရမယ်ဆိုရင်တော့ နစ်နာသူမိသားစုပေါ့။ နစ်နာသူဟုတ်မဟုတ်လည်း ကျွန်တော်တို့ စုံစမ်းနေတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် သေဆုံးသွားသူတွေမှာ အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျန်ခဲ့တဲ့မိသားစုအတွက်တော့ ဝမ်းနည်း တယ်လို့ ပြောချင်ပါတယ်။ အမှန်တရားဆိုတာက ရှိတာပဲလေနော်။ အဲဒါကို ကောင်းဆုံး ဖော်ထုတ်သွားမှာ ဖြစ် တယ်” ဟုကိုချမ်းက ပြောသည်။

ဦးကျော်အေးတွင် သားသမီး ခုနစ်ဦး ကျန်ရစ်ခဲ့ပြီး ကိုလှမြင့်တွင် သားသမီး ခြောက်ဦး၊ ကိုထက်မြတ်အောင်တွင် တစ်ဦး ကျန်ရစ်ခဲ့ကြောင်း မိသားစုထံမှ သိရသည်။