ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား ရှစ်ဦးဒဏ်ရာရ

0
762

ထိုင်းနိုင်ငံ ဖတ်ထလူခရိုင်တွင် ကားနှစ်စီး တိုက်သောကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရပြီး တစ်ဖက် အိမ်စီးကားမောင်းသူ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ခွန်ခနူဒေသရှိ တောင်ပိုင်းအာရှလမ်းမကြီးပေါ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ပစ်ကပ်ကားနှင့် အိမ်စီးကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီးစလုံး လမ်းဘေးမြောင်းထဲ ကျသွားခဲ့ကြောင်း ဖော်ပြသည်။

ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား ရှစ်ဦး လိုက်ပါလာခဲ့ပြီး ကားကို အသက် ၆၀ အရွယ် ထိုင်းကားသမားတစ်ဦးက မောင်းနှင်လာခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဒဏ်ရာရရှိသူအားလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးပြုစုကုသပေးခဲ့ပြီးနောက် ခွန်ခနူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

အိမ်စီးကားလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ကားမောင်းသူ အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ရာ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြသည်။

ပစ်ကပ်ကားသည် မြန်မာအလုပ်သမားများကို ရတ်ချ်ဘူရီခရိုင်မှတစ်ဆင့် စွန်ခရာခရိုင်သို့ ပို့ဆောင်ပေးနေခြင်း ဖြစ်ပြီး အိမ်စီးကားက ပစ်ကပ်ကားရှေ့သို့ ရုတ်တရက် ကွေ့ဝင်လာခဲ့သဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။

ပစ်ကပ်ကားသမားကို စစ်ဆေးမေးမြန်းရာတွင် ကားတိုက်မှုဖြစ်ရခြင်းအကြောင်းအရင်းကို ဖြေကြားပေးရန် ငြင်းဆန်နေခဲ့ကြောင်း သတင်းများက ဆိုသည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်းတွင် ထိုင်းရောက်မြန်မာအလုပ်သမားများလိုက်ပါသော ကား တိမ်းမှောက်မှု၊ ကားတိုက်မှု ဖြစ်စဉ် ငါးခုအထိ ဖြစ်ပွားခဲ့ပြီး မြန်မာအလုပ်သမား အနည်းဆုံး သုံးဦးအထိ သေဆုံးခဲ့ရသည်။

Ref: PTL News, Matichon Online